စစ်ကော်မရှင် ဒရုန်းကြောင့် ဖားကန့်တွင် သားအမိသားအဖ ၃ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။

ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲတွင် စစ်ကော်မရှင်၏ ဒရုန်းဗုံး ပစ်ခတ်မှုကြောင့် မိသားစု ၃ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းမှ စစ်ကော်မရှင်တပ်သားများက ပစ်ခတ်လိုက်သည့် ဒရုန်းဗုံး ထိမှန်ပေါက်ကွဲမှု ကြောင့် မိသားစုတစ်စုတည်းမှ မိဘနှစ်ဦးနှင့်အတူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ 

ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်ခန့်တွင် လုံးခင်းအုပ်စု၊ မလောင်ကျေးရွာရှိ နေအိမ်တစ်လုံး ပေါ်သို့ စစ်ကော်မရှင်တပ်၏ ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

ဒေသခံအမျိုးသားတစ်ဦးက သူတို့က ရမ်းသမ်းပစ်လိုက်တာ။ မလောင်ရွာမှာရှိတဲ့ မိသားစုတစ်စုရဲ့ နေအိမ်ကို တည့်တည့်ကျတာ။ အဖေအမေကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ မြင်မကောင်းအောင်ဘဲ ဒဏ်ရာတွေရပြီး ဆုံးသွားတာ။ ၄ လသား ကလေးလေးကတော့ အထိအခိုက်မရှိ ကျန်ခဲ့တယ်။ ကလေးငယ်လေးကတော့ မိဘမဲ့ လေး ဖြစ်သွားတာပေါ့ ဟု ပြောသည်။

သေဆုံးသူ မိဘနှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ အဆိုပါ မိသားစု၏ လသားအရွယ်ကလေးငယ်မှာ အသက်ရှင် ကျန်ရစ်ခဲ့သော်လည်း မိဘမဲ့ဘဝသို့ ရောက်ရှိသွားပြီဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း ကြီးမားသည့် ထိပ်တိုက်တိုက်ပွဲများ မရှိသေးသော်လည်း နှစ်ဖက်တပ်ဖွဲ့များ စောင့်ကြည့်နေသည့် အခြေအနေဖြစ်ပြီး၊ စစ်ကော်မရှင်ဘက်မှ ဒရုန်းဗုံးအပါအဝင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် အရပ်သား သေဆုံးမှုများ မကြာမကြာ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။ 

စစ်ကော်မရှင်တပ်သည် ယမန်နေ့ ညပိုင်းမှစ၍ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းအထိ လက်နက်ကြီးများ နှင့် ဒရုန်းဗုံးများဖြင့် ရမ်းသမ်းပစ်ခတ်နေဆဲ ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသားတစ်ဦးက ယခုလက်ရှိ လှုပ်ရှားမှုများသည် လာမည့်ရွေးကောက်ပွဲနှင့် ဆက်စပ်နိုင်ကြောင်း သုံးသပ် သည်။

ဖားကန့်မှာက စစ်ရေးလှုပ်ရှားမှုတွေရှိတဲ့အခါမှာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလလည်း ဖြစ်နေတော့ သူတို့ဘက်က မြို့တွင်းလှုပ်ရှားပြတာ၊ စစ်ဆေးပြတာတွေ ရှိတယ်။ ရှေ့ရှောက်ပြီးတော့လည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်၊ ရွေးကောက်ပွဲကို ဆက် ကျင်းပရင်ပေါ့ ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်တပ်သည် ယခုလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ဖားကန့်မြို့နယ်တွင်း စစ်အင်အား အလုံးအရင်းဖြင့် နေရာယူထားပြီး နှစ်ဖက် လက်နက်ကိုင်များအကြား မကြာခဏ ထိတွေ့မှုများ ဖြစ်နေသည့် ဒေသလည်း ဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်လည်း နှစ်ဖက်တပ်များ အကြား ထိတွေ့တိုက်ပွဲများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများ မြင့်တက်ခဲ့သည်။