ကချင်-စစ်ကိုင်း အစပ် ဗန်းမောက် မြို့နယ် အတွင်း လေကြာင်း တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ  ၈ ရက်။ 

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ဗန်းမောက်မြို့နယ်ရှိ တရုတ်လုပ်ငန်းရှင်ပိုင် ရွှေလုပ်ကွက် လေကြောင်း တိုက်ခိုက်ခံရပြီး အရပ်သားတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ ရွှေလုပ်ကွက်တစ်ခုအား စစ်ကော်မရှင်တပ်က ဂျက် ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး တရုတ်လူမျိုးလုပ်ငန်းရှင် အချို့ အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ချက် အရ သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက မြို့နယ် ၃ ခုဆုံတဲ့နေရာပေါ့လေ။ အဲ့ဒီနေရာမှက တရုတ်လုပ်ငန်းရှင်ပိုင်တဲ့ ရွှေ လုပ်ကွက်က အကြီးကြီး၊ တောင်ကြောတစ်ခုလုံး တရုတ်တွေ လုပ်ကိုင်တဲ့ ရွှေလုပ်ကွက်ပေါ့။ ကြဲသွားတာက ရွှေလုပ်ကွက်ထဲဆိုတော့ တစ်ယောက်သေတယ်။ နောက်ထပ် ၅ ယောက်လောက်က ဒဏ်ရာရတယ် ဟု ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ဗန်းမောက်မြို့ပေါ်နှင့် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသော ‘သုံးမြေဆုံရွှေလုပ်ကွက်’ ကို စစ်ကော်မရှင်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ရွှေလုပ်ကွက်သည် အင်းတော်၊ ဗန်းမောက်နှင့် ဝန်းသိုမြို့နယ် သုံးခုဆုံရာဒေသဖြစ်ပြီး၊ တရုတ်လုပ်ငန်း ရှင်များ ပိုင်ဆိုင်လုပ်ကိုင်သည့် လုပ်ကွက်ကြီး ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လေယာဉ်တိုက်ခိုက်မှုတွင် တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၈ လုံးအသုံးပြုကာ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အခြေအနေသိရှိသူများက ပြောသည်။

သေဆုံးသူမှာ အသက် ၃၃ နှစ်အရွယ် ကိုငြိမ်းဆိုသူ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအနက်မှ ၂ ဦးသည် တရုတ်လူမျိုး လုပ်ငန်းရှင်များ ဖြစ်သည်ဟု ဒေသခံများက အတည်ပြုသည်။

ယခုရက်ပိုင်းအတွင်း တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသည့် ဗန်းမောက်မြို့ပေါ်တွင် နှစ်ဖက်တပ်များ အကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်များက ဗန်းမောက်မြို့ ပြန်လည်ရရှိရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၇ ရက်နေ့အထိ စစ်ကော်မရှင်တပ်သည် ဗန်းမောက်မြို့နယ်အတွင်း လေကြောင်းအသုံးပြု တိုက်ခိုက် မှု ၆ ရက်ဆက်တိုက် ရှိလာပြီ ဖြစ်ကြောင်း ဗန်းမောက်မြို့နယ် ပအဖ က ထုတ်ပြန်ထားသည်။