မိုးမိတ်မြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁၁ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထံမှ ပြန်လည် လွှဲပြောင်းပေးရန် သဘောတူညီ ထားသော မိုးမိတ်မြို့နယ်၊ မြစ်ဆုံကျေးရွာထဲရှိ အရပ်သားများ စုဝေးရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။
ဒီဇင်ဘာလ ၆ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရှောင်များနှင့် ဒေသခံများ အပါအဝင် အရပ်သား ၁၁ ဦး သေဆုံး ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။
စစ်ကော်မရှင်၏ လေယာဉ်သည် ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြစ်ဆုံကျေးရွာကို ဗုံးနှစ်ကြိမ် တိုင်တိုင် ကြဲချခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်နေ့တွင်လည်း ထပ်မံ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေး ကြောင်း ဒေသခံများက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် နေရာသည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်မြေပြင်နေရာမဟုတ်ဘဲ စစ်ဘေး ရှောင်များနှင့် ဒေသခံများ စုဝေးနေထိုင်သည့် နေရာဖြစ်သည်။
သေဆုံးသူ ၁၁ ဦးထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် မိုးကုတ်နှင့် မိုးမိတ်ဒေသများမှ စစ်ဘေးရှောင်လာသူများ ပါဝင်သည်။
စစ်ကော်မရှင်၏ ကျူးလွန်မှုတွင် ပိုမိုဆိုးရွားစေခဲ့သည်မှာ ပထမအကြိမ် ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရ နေသူများကို ဒေသခံများက ကူညီကယ်ဆယ်နေစဉ် ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ရပ်ကြောင့် သေဆုံးသူများ ထပ်မံဖြစ်ပွားခဲ့ရသည်။ ဒေသခံအမျိုးသားတစ်ဦးက ဖြစ်ရပ်အခြေအနေကို ယခုကဲ့သို့ ပြောသည်။
“လေယာဉ်က ပထမတစ်ကြိမ် ဗုံးကြဲပြီး ထိခိုက်တဲ့သူတွေကို ကျနော်တို့ ဝိုင်းကူညီနေတုန်း ဒုတိယအကြိမ် ထပ်မံပစ်ခတ်ခဲ့တာပါ။ ဒီနေရာက စစ်မြေပြင်မဟုတ်ပါဘူး၊ စစ်ရှောင်ပြည်သူတွေ စုဝေးနေထိုင်တဲ့ အရပ် သားနေရာကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါပဲ။”
မိုးမိတ်မြို့နယ်ကို တအာင်းတပ် TNLA က သိမ်းပိုက်ခဲ့ပြီးနောက် မကြာသေးမီက တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှု ဖြင့် မိုးမိတ်မြို့ကို စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးရန် သဘောတူညီမှု ရယူခဲ့သည်။
အဆိုပါ သဘောတူညီချက်အရ စစ်ကော်မရှင်တပ်သည် မိုးမိတ်မြို့ထဲသို့သာ ပြန်လည်ရောက်ရှိ တပ်စွဲထားဆဲ ဖြစ်ပြီး မြစ်ဆုံကျေးရွာအထိ မရောက်ရှိသေးပေ။
ဒေသခံတစ်ဦးက စစ်ကော်မရှင်တပ်၏ လုပ်ရပ်သည် တည်ဆဲ သဘောတူညီချက်ကို ထပ်မံ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။
“တရုတ်နိုင်ငံက ကြားဝင်ပြီး မြို့နှစ်မြို့ကို ပြန်လွှဲဖို့ သဘောတူထားချိန်မှာ တိုက်ပွဲမရှိတဲ့ အရပ်သားရွာတွေကို လေကြောင်းနဲ့ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်တာဟာ တည်ဆဲ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုပါ စစ်တပ်က ထပ်ချိုးဖောက်တာ ဖြစ်တယ်ဗျ။”
ထို့အပြင် တိုက်ခိုက်မှုပြီးနောက် မကွဲသေးသော လေယာဉ်ဗုံးတစ်လုံးသည် ကျေးရွာလမ်းမပေါ်၌ ကျန်ရှိနေခဲ့ရာ အဆိုပါ ဗုံးကြောင့် ရွာသူရွာသားများနှင့် စစ်ရှောင်များအတွက် ထပ်ဆင့်အန္တရာယ်တစ်ခု ဖြစ်ပွားလာနိုင်သည်ဟု စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေသည်။