ကချင်-စစ်ကိုင်းအစပ် တိုက်ပွဲပြင်းထန်၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအစပ် ဒေသများဖြစ်သည့် မိုးညှင်း၊ အင်းတော်၊ မော်လူးနှင့် ရွှေကူမြို့နယ်တို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုများနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ် များအကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့ နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ အခြေစိုက် စစ်အုပ်စုတပ်စခန်းမှနေ၍ အနီးပတ်ဝန်းကျင်ရှိ ပင်လုံနှင့် မာန်ဟဲ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် စစ်ကြောင်းထိုး လှုပ်ရှား မှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် KIA မြေပြင် သတင်းရင်း မြစ်များက သတိပေးထားသည်။

KIA မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က နန့်စီးအောင် စစ်တပ်စခန်းကို ကျနော်တို့ ပူးပေါင်းတပ်တွေ သွားတိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ဘက်က ပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ ရမ်း သမ်းပစ်နေတာပါ။ ပင်လုံနဲ့ မာန်ဟဲရွာဘက်တွေကို လက်နက်ကြီးတွေ ကျသလို အခုရက်ပိုင်း စခန်းပတ်ဝန်း ကျင် ရွာတွေဘက်ကိုပါ စစ်ကြောင်းထိုး လှုပ်ရှားလာနေတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သွားလာ နေ ထိုင်တာတွေ အထူးသတိထားကြဖို့ က အသိပေးနှိုးဆော်ထားပါတယ်” ဟု ပြောသည်။

တစ်ချိန်တည်းမှာပင် ကချင်ပြည်တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်း ဆက်သွယ်ရာ အချက်အချာကျသည့် ရွှေကူမြို့နယ်အတွင်း၌လည်း စစ်အုပ်စုတပ်က ခတ်ခုံ၊ မန်နားလေးနှင့် ဇင်းဘုံကျေးရွာများဘက်သို့ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာခဲ့သော်လည်း KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာ ပြီး ရွှေကူမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ရသည်။

အလားတူ စစ်ကိုင်း-ကချင် အဝင်ပေါက်ဖြစ်သည့် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင်လည်း မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာဖြည့်တင်းရန် ကြိုးပမ်းနေသော စစ်အုပ်စု၏ စစ်ယာဉ်တန်းများနှင့် လမ်းပိုင်းသွားလာမှုကို ဖြတ်တောက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

စစ်အုပ်စုဘက်ကလည်း မြေပြင်တိုက်ပွဲများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နေ့ရောညပါ ပြုလုပ် လျက် ရှိသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ တိုက်ပွဲများနှင့် လမ်းပိုင်းပိတ်ဆို့မှုများကြောင့် မန္တလေး-မြစ်ကြီးနား လမ်းမကြီးတစ်လျှောက် ခရီးသည် တင်ယာဉ်များနှင့် ကုန်တင်ကားများမှာ ကသာ၊ နန့်စီးအောင်နှင့် ပေကုန်းကျေးရွာတို့တွင် ရက်ရှည် ပိတ်မိနေကြ ပြီး ခရီးသွားပြည်သူများမှာ ကုန်ကျစရိတ် ကြီးမြင့်စွာဖြင့် ဆိုင်ကယ်ကယ်ရီများ ငှားရမ်းကာ ခက်ခက်ခဲခဲ သွားလာနေကြရသည်။

လမ်းခုလတ်တွင် ပိတ်မိနေသည့် ခရီးသွားတစ်ဦးက “လမ်းကြီးတစ်လျှောက်လုံးက ပိတ်နေတာ ရက်အတော် ကြာပြီ။ ကားတွေက ရှေ့ဆက်လို့ လုံးဝမရတော့ဘူး။ မဖြစ်မနေ သွားရမယ့်သူတွေကျတော့ ကသာဘက်ကနေ တောလမ်းအတိုင်း ဆိုင်ကယ်ကယ်ရီတွေ ငှားစီးရတယ်။ ကယ်ရီခကလည်း တစ်စီးကို သုံးသိန်းဝန်းကျင်အထိ ပေးနေရတော့ တော်ရုံလူက မတတ်နိုင်ကြဘူး။ လမ်းမှာတင် ပိတ်မိပြီး စားရေးသောက်ရေးပါ ခက်ခဲနေကြ တာပါ” ဟု လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောပြသည်။

ထို့ပြင် မော်လူးနှင့် နန့်စီးအောင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာလည်း နှစ်ဖက်တိုက်ပွဲများ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများနှင့် လေကြောင်းဗုံးကြဲမှု အန္တရာယ်တို့ကြောင့် နေရပ်စွန့်ခွာကာ ဘေးလွတ် ရာ တောတောင်များနှင့် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နန့်စီးအောင်ကျေးရွာအနီးမှ စစ်ဘေးရှောင် ဒေသခံတစ်ဦးကလည်း “ရွာထဲမှာ ဘယ်လိုမှ နေလို့မရဲတော့ဘူး။ လက်နက်ကြီးသံတွေက နေ့တိုင်းလိုလို ကြားနေရသလို လေယာဉ်သံကြားတာနဲ့ ပြေးစရာမြေ မရှိအောင် ကြောက်နေရတယ်။ စစ်ကြောင်းတွေကလည်း ရွာနားတစ်ဝိုက်မှာ လှုပ်ရှားနေတော့ အိမ်တွေကို ပစ်ထားခဲ့ပြီး ဘေးလွတ်ရာကို အမြန်ဆုံး ရှောင်လာကြရတာပါ” ဟု ပြောသည်။

လက်ရှိတွင် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက် လမ်းကြောင်းများ ပါ ပိတ်ဆို့နေသဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေပြီး ဒေသတွင်း အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – (မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အချို့ကို တွေ့ရစဉ်။ – ပုံဟောင်း / ဓာတ်ပုံ – Original uploader)