ရှမ်းမြောက် မဘိမ်းမှ ကချင်ပြည် ရွှေကူသို့ တက်လာသော စစ်ကြောင်းတိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငအိုးကျေးရွာရှိ အခြေစိုက်တပ်ရင်းမှ ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ တက်လာသည့် စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ငအိုးကျေးရွာ အခြေစိုက် ခလရ ၁၂၁ တပ်ရင်းမှ စစ်ကြောင်း ၄ ကြောင်းခွဲ၍ ထွက်ခွာလာစဉ် ဒေသအခေါ် ၁၀၄ မိုင်အနီး၌ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ကမနက်ဘဲ တော်လှန်ရေးတပ်တွေနဲ့ သူတို့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်ပေါ့ နော်။ သူတို့ ငအိုးကနေ ၁၀၄ မိုင်အထိထွက်လာတာ။ မနေ့ကတိုက်ပွဲဖြစ်ပြီး ပြန်ဝင်သွားတယ်။ လောလော ဆယ်တော့ မထွက်ခဲ့သေးဘူး” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ခလရ ၁၂၁ တပ်ရင်းအတွင်းမှနေ၍ လက်နက်ကြီးများဖြင့် ပတ်ဝန်းကျင်ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ကြောင်းသည် လွန်ခဲ့သည့်ရက်ပိုင်းက ထီးချိုင့်မြို့နယ်၊ မြတောင်ဘက်မှ ကားအစီးရေ ၃၀ နီးပါးဖြင့် အင်အားဖြည့်တင်းလာသည့် စစ်ကြောင်းဖြစ်ပြီး မိုင် ၃၀ ကျော်ကွာဝေးသည့် ရွှေကူမြို့သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ရွှေကူမြို့ပေါ်အပိုင်းကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း ကျေးရွာများနှင့် မြို့အဝင် လမ်းကြောင်း အများစုကို တော်လှန်ရေးအင်အားစုများက ဆက်လက်စိုးမိုးထားဆဲ ဖြစ်သည်။
စစ်တပ်သည် ယခုနှစ်ဆန်းပိုင်း မတ်လမှစတင်ကာ စစ်ကိုင်းနှင့် ကချင်အစပ်ရှိ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော် နှင့် မော်လူးမြို့တို့ကို ဆက်တိုက် ပြန်လည်သိမ်းပိုက်နိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ မြို့များကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
အလားတူ ယခင်က အလုံးစုံမထိန်းချုပ်နိုင်ခဲ့သည့် ကသာမြို့ကိုလည်း အပြည့်အဝ ပြန်လည်စိုးမိုးထားပြီး ဖြစ်သည်။
ထို့ကြောင့် ယခု ငအိုး-ရွှေကူ စစ်ကြောင်းသည်လည်း အဆိုပါ နယ်မြေပြန်လည်စိုးမိုးရေး ဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။