ချင်းမိုင်စီးနင်းမှုများအတွင်း မြန်မာလုပ်သား ၃၀ ကျော် ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရက် ၁၀၀ စီမံကိန်းဖြင့် တရားမဝင်နိုင်ငံခြားသား နှိမ်နင်းရေး စစ်ဆင်ရေးများ ဆက် တိုက်ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရားမဝင်နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) အချက်အလက် မကိုက်ညီသည့် မြန်မာနိုင်ငံသား ၃၂ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
ပထမဖြစ်စဉ်အဖြစ် ချင်းမိုင်မြို့၊ ဆန်ဖီစိယာ့ (San Phi Suea) ရပ်ကွက်ရှိ အဆောင်တစ်ခုတွင် ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က မြန်မာလုပ်သားတစ်ဦးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းစွန့်ပစ်ကာ နယ်စပ် သို့ ထွက်ပြေးသွားခဲ့သည့် ရာဇဝတ်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်ရပ်အပြီးတွင် ချင်းမိုင်ခရိုင်ရဲမှူးကြီး၏ အမိန့်အရ ‘ဆန်ဖီစိယာ့ မိုးကြိုးစစ်ဆင်ရေး (Operation Thunder at San Phi Suea) ဟု အမည်ပေးထားသည့် အကြီးစား ပြစ်မှုနှိမ်နင်းရေးနှင့် နိုင်ငံခြားသား စစ်ဆေး ရေးစီမံချက်ကို စတင်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအရ ရဲတပ်ဖွဲ့ဝင်များသည် ဆန်ဖီစိယာ့ရပ်ကွက်အတွင်းရှိ ပစ်မှတ်နေရာ ၁၀ ခုကို ဝင်ရောက် စီးနင်းကာ နိုင်ငံခြားသား ၂၀၀ နီးပါးကို စစ်ဆေးခဲ့ပြီးနောက် တရားမဝင် ဝင်ရောက်နေထိုင်သည့် မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသား ၂၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း မေလ ၂၂ ရက်နေ့က မဲ့ပင်ရဲတပ်ဖွဲ့စခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရာရှိများက ပြောကြားခဲ့သည်။
အလားတူ မေလ ၂၂ ရက်နေ့ ညပိုင်းတွင်လည်း ချင်းမိုင်မြို့လယ်ရှိ ဘားနှင့် ကာရာအိုကေ ပူးတွဲဖွင့်လှစ်ထားသည့် ဆိုင်တစ်ဆိုင်မှ ဆူညံသံများကြောင့် ပတ်ဝန်းကျင်ပြည်သူများ အနှောင့်အယှက်ဖြစ်ရသည်ဟူသော တိုင်ကြား ချက်အရ ခရီးသွားရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ ဆိုင်တွင်းရှိ မြန်မာနိုင်ငံသား ဂီတပညာရှင်များနှင့် ဝန်ထမ်း ၁၂ ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့သည် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိကြသော်လည်း လက်မှတ်ပါ အလုပ်ရှင်အမည်နှင့် လက်ရှိလုပ်ငန်းခွင် မကိုက်ညီခြင်း၊ လုပ်ငန်းခွင်ပြောင်းလဲမှုကို ၁၅ ရက်အတွင်း မှတ်ပုံတင်အရာရှိထံ အကြောင်း ကြားရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံခြားသားအလုပ်သမားဥပဒေဖြင့် စွဲချက်တင် အရေးယူခံခဲ့ရသည်။
အခြေအနေကို သိသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးက “Facebook မှာ တွေ့လို့ Karaoke လည်း Bar ပုံစံ လည်း ရှိတယ်လို့ ကြော်ညာထားတာပါ။ မြန်မာဘားပေါ့။ မြန်မာအရသာမျိုး အပြည့်အဝရတယ်။ သွားနေကြ ပါပဲ။ အဲ့ဒီနေ့တုန်းကတော့ ရဲတွေက ဓါတ်ပုံတွေပြပြီး မေးတာမြန်းတာတွေလည်း လုပ်တယ်။ အထဲမှာရော အပြင်မှာရောပေါ့နော်။ ကျမတို့က မနီးမဝေးက 7-11 ကနေ ကြည့်နေတာ။ ရဲတွေနဲ့ အရာရှိတွေရော အစုံပါ ပဲ။ ဆိုင်ဝန်ထမ်း မြန်မာတွေကိုတော့ ကားပေါ်တင်ထားတာလည်း တွေ့တယ်။ ခဏနေတော့ ရဲစခန်း ခေါ် သွား တယ်” ဟု ပြောသည်။
ဆိုင်ဝန်ထမ်းများ၏ အဆိုအရ ၎င်းဘားကို ပြီးခဲ့သည့် သင်္ကြန်ပွဲတော်ကာလကတည်းက စတင်ဖွင့် လှစ်ခဲ့ပြီး ထိုင်းနိုင်ငံသား မန်နေဂျာတစ်ဦးက တာဝန်ယူဆောင်ရွက်ကာ ဖောက်သည်အများစုမှာ မြန်မာရွှေ့ပြောင်း လုပ် သားများ ဖြစ်ကြောင်း သိရသည်။
အခြားမြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကလည်း “ဘားက တရားဝင်ဘားလို့ပဲ ယူဆမိပါတယ်။ ခုမှ စဖွင့်ကာစ ဆိုတော့ လုပ်ထုံးလုပ်နည်းတွေ အနည်းငယ် လိုအပ်ချက် ရှိတာ ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ထိုင်းနိုင်ငံ သား ဝန်ထမ်းတွေကိုလည်း အဲ့ဒီဆိုင်မှာ အများအပြား တွေ့ရလို့ပါ။ ရေရှည်သွားမယ့်ပုံစံပါပဲ” ဟု ထွက်ဆိုထား သည်။
လက်ရှိတွင် ဖမ်းဆီးရမိသည့် မြန်မာလုပ်သား ၁၂ ဦးလုံးကို ဥပဒေအရ အရေးယူရန် (Chang Phueak) ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းထားပြီး သက်ဆိုင်ရာက လုပ်ငန်းနောက်ကွယ်မှ ငွေကြေးစီးဆင်းမှုများ နှင့် အလုပ်ရှင်ရင်းနှီးမြှုပ်နှံသူများကိုပါ ဖော်ထုတ်ရန် ဆက်လက်စုံစမ်းနေသည်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲချုပ်သည် မေလ ၁၂ ရက်နေ့မှစတင်ကာ တရားမဝင် အလုပ်လုပ် ကိုင်သူများနှင့် အထောက်အထား ရှိသော်လည်း ခွင့်ပြုမထားသည့် အလုပ်လုပ်ကိုင်နေသူများကို ၃ လတာ စီမံချက်ဖြင့် ပိုက်စိပ် တိုက် နှိမ်နင်းရန် ညွှန်ကြားထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏ အထောက်အထား စာရွက် စာ တမ်းများအပြင် အလုပ်ရှင်အမည်နှင့် လုပ်ငန်းအမျိုးအစား မကိုက်ညီပါက ဥပဒေကြောင်းအရ ဖမ်းဆီး အရေး ယူခံရနိုင်သဖြင့် အထူးသတိပြု နေထိုင်ကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေး တိုက်တွန်း ထားသည်။