လူသတ် ပုန်းရှောင်နေသည့် တောင်ကြီး ဘားဆိုင်ပိုင်ရှင် ဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်။ 

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ဘားဆိုင်တစ်ခုတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းကို ရိုက်နှက်သတ်ဖြတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဆိုင်ပိုင်ရှင် ကိုပီတာ (ခ) အောင်မျိုးသူကို ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်အတွင်း၌ ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သည်။

တရားခံဖြစ်သူသည် ၎င်းဖွင့်လှစ်ထားသည့် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ‘ပီတာဘား’ ဆိုင်တွင် အမျိုးသမီးဝန်ထမ်းဖြစ်သူကို ရိုက်နှက်သတ်ဖြတ်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။ 

၎င်းအား မေလ ၆ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် မိုင်းပြင်းမြို့နယ်၊ တုံတာမြို့ စစ်ဆေးရေးဂိတ်တစ်ခု၌ လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဘားလုပ်ငန်းအသိုင်းအဝိုင်းနှင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လုပ်သက် ၁၅ နှစ်ရှိ ဘားလောကသားတစ်ဦးက ကိုယ်တိုင် အဖမ်းလာခံတာလိုလို ပြောနေကြတာတွေ တစ်ခုမှ မဟုတ်ပါဘူး။ သတင်းပေးရှိလို့ပါ။ ဒီကောင်က တာချီလိတ်၊ မယ်ဆိုင်နဲ့ တောင်ကြီးကို အိမ်ဦးကြမ်းပြင်လို သွားလာနေတာတွေက လူတကာသိနေတာပဲ။ ရဲတွေကလည်း ဂိတ်တွေ အားလုံး သတင်းပို့ထားတယ်လေ ဟု ပြောသည်။

ဖြစ်စဉ်မှာ မေလ ၄ ရက်နေ့ညပိုင်းက အဆိုပါဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို မုန့်ဖိုး ၅,၀၀၀ ကျပ် ပြန်မအပ်သည့် အကြောင်းပြချက်ဖြင့် ဆိုင်ပိုင်ရှင်က ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ 

သေဆုံးသူမှာ ရိုက်နှက်ခံရစဉ် နောက်ပြန်လဲကျကာ နောက်စေ့နှင့် ကြမ်းပြင်ရိုက်မိပြီး ဦးနှောက်သွေးကြော ပေါက်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မေလ ၆ ရက်နေ့က ရရှိသည့် ဆေးစစ်ချက်များအရ သိရသည်။

သေဆုံးသူ မိန်းကလေးမှာ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မင်းချောင်းရှေ့ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မိသားစုစားဝတ်နေရေး မပြေလည်မှုကြောင့် နွေရာသီကျောင်းပိတ်ရက်၌ အဆိုပါဆိုင်တွင် ဝင်ရောက် လုပ်ကိုင် နေရသူ ဖြစ်သည်။

ကျူးလွန်သူ ကိုပီတာသည် ယခင်ကလည်း အိမ်တွင်းအကြမ်းဖက်မှု မှတ်တမ်းများရှိပြီး စိတ်ရောဂါအခံ ရှိသည် ဟု အကြောင်းပြကာ အမှုပေါ့သွားမည်ကို မြို့ခံများနှင့် အမျိုးသမီး အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။ 

အမှုအား စောင့်ကြည့်နေသည့် ဒေသတွင်းအမျိုးသမီးတက်ကြွ လှုပ်ရှားသူတစ်ဦးက ကျမတို့ အမှုမပေါ့အောင် သေသေချာချာ လုပ်ရမှာပေါ့နော်။ အရင်အိမ်ထောင်ဖက်နဲ့ ကလေးတွေကိုလည်း ရိုက်တာတွေ ရှိတယ်။ ဆိုင်မှာလည်း အခုဆုံးသွားတဲ့ တစ်ယောက်ကိုပဲ မဟုတ်ဘူး၊ အားလုံးကို ရိုက်တယ်လို့ ကြားတယ်။ အဲဒါတွေ အမှုထပ်ပေါင်းပြီး တရားစွဲနိုင်အောင် တင်ပြသွားမှာပါ ဟု ပြောသည်။

လက်ရှိတွင် တရားခံကို မိုင်းပြင်းမြို့နယ်ထဲက၊ တုံတာမြို့ နယ်မြေရဲစခန်း၌ စစ်ဆေးနေပြီး တောင်ကြီးမြို့မ ရဲစခန်းသို့ လွှဲပြောင်းရန် စီစဉ်နေသည်။ 

ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများကမူ ကျူးလွန်သူအား အမှုမှန်အတိုင်း ပြင်းပြင်းထန်ထန် အပြစ် ပေးရန်နှင့် ၎င်း၏ ဇနီးဖြစ်သူကိုလည်း သက်သေဖျောက်ဖျက်မှုဖြင့် ထိရောက်စွာ အရေးယူပေးရန် လိုလားနေ ကြသည်။