တရားမဝင် ပန်းရောင်ကတ် မျှော်မှန်းသူ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၃၁) ဦး ထိုင်း၌ အဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်လုပ်ခွင့် ပန်းရောင်ကတ် (ဘတ်အသစ်) ရရှိရန် မျှော်လင့်ချက်ဖြင့် စောင့်ဆိုင်းနေ သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (၁၃၁) ဦးသည် အောက်တိုဘာလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ထိုင်းရဲများ၏ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ 

၎င်းတို့အား ဖမ်းဆီးမှုသည် ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်းလုပ်သားများအတွက် ပန်းရောင်ကတ်အသစ် ထုတ်ပေးမည့် အစီအစဉ်ကို နယ်စပ်အခြေအနေ မတည်ငြိမ်မှုကြောင့် ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာ သည့်နေ့၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားအရေး ကူညီသူများ၏ ပြောကြားချက်အရ အလုပ်သမားများကို ခေါ်ဆောင်လာသည့် မြန်မာပွဲစား အချင်းချင်း အဝေမတည့်ရာမှတစ်ဆင့် ပွဲစားတစ်ဦးက နေရာအတိအကျနှင့် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနကို တိုင်ကြားခဲ့သဖြင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် ပွဲစားများအား ပန်းရောင်ကတ် လုပ်ခအပါအဝင် တစ်ဦးလျှင် ဘတ်ငွေ လေးသောင်း (၄၀,၀၀၀) ခန့် ပေးချေကာ ကန်ချနဘူရီ၊ ရနောင်းနှင့် တာ့ခ်ခရိုင်များမှ တရားမဝင် ဝင်ရောက်လာကြခြင်း ဖြစ်သည်။

၎င်းတို့သည် စာရွက် စာတမ်းများ စောင့်ဆိုင်းရင်း ဆမွတ်စာခွန်ခရိုင်၊ မဟာချိုင်နယ်မြေရှိ တိုက်တန်းလျား၌ ယာယီ စုစည်းနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာလုပ်သားများသည် လက်ရှိတွင် အကြွေးများဖြင့် ဒုက္ခရောက်ကုန်ကြပြီဟု MHAC မဟာမိတ်အဖွဲ့မှ ဦးဆောင်တာဝန်ခံ ကိုရဲမင်းက ပြောသည်။ 

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခံရသူများကို ထိုင်းဥပဒေအရ အရေးယူပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ပို့သွားမည် ဟု ပြောဆိုထားသည်။ 

နယ်စပ်မှတစ်ဆင့် ပြန်ပို့ခံရသူများသည် စစ်ကော်မရှင်တပ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားနိုင်သည့် အတွက် ၎င်းတို့၏ အနာဂတ်မှာ မရေရာသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်းများက ဖော်ပြသည်။ 

ဤဖြစ်ရပ်သည် တရားမဝင် ရွှေ့ပြောင်းလာသူများ၏ ဘဝအခြေအနေ မည်မျှ ထိလွယ်ရှလွယ်ရှိနေသည်ကို ပြသနေသည်။