စစ်ကော်မရှင်၏ စစ်မှုထမ်းအင်အားဖြည့်တင်းရေးအတွက် စစ်သင်တန်းကျောင်း (၂၇) ခုအထိ တိုးချဲ့ဖွင့်လှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
မြန်မာ့စစ်ဖက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ အောက်တိုဘာလ (၁၇) ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် မတရားဖမ်းဆီး စုဆောင်းထားသည့် လူငယ်များကို လေ့ကျင့်ပေးနိုင်ရန်အတွက် စစ်သင်တန်းကျောင်းပေါင်း (၂၇) ခုအထိ ထပ်မံ တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဖမ်းဆီးရရှိမှု အင်အား များပြားလာသည့်အတွက် စစ်တပ်သည် ခြေလျင်အကူလက်နက်ကြီးသင်ကျောင်း (ခအက) နှင့် ရေတပ်လေ့ကျင့်ရေးတပ် (ရလတ ၅၇) တို့ကဲ့သို့သော နေရာများကိုပါ အရန်သင်တန်းကျောင်းများ အဖြစ် အသုံးပြုနေရသည်။
စစ်ကော်မရှင်တပ် စိုးမိုးမှုအားကောင်းသော ရှမ်း၊ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းများရှိ စစ်သင်တန်းကျောင်း (၁၅) ခုသည် ပင်မသင်တန်းကျောင်းများ အဖြစ် အခြေခံတပ်သားသစ် သင်တန်းများကို ဖွင့်လှစ်နေသည်။
သို့သော်လည်း တိုက်ပွဲများ ပြင်းထန်နေသည့် သပိတ်ကျင်းနှင့် ရွှေဘိုဒေသများရှိ သင်တန်းကျောင်းအချို့မှာမူ လုံခြုံရေးအရ သင်တန်းများကို ရပ်နားထားရသည်။
စစ်ကော်မရှင်တပ်သည် နောက်ထပ်အပတ်စဉ် ဖြစ်သည့် အပတ်စဉ် (၁၈) ကို မကြာမီ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ ကြောင်း MDSI က ဆိုသည်။