သီပေါမြို့ကို စစ်တပ်က တစ်နှစ်အကြာ၌ ပြန်လည်သိမ်းပိုက်၊ TNLA တပ်ဆုတ်၍ မြို့ပြင်၌ တိုက်ပွဲပြင်းထန်ဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။
ရှမ်းပြည် မြောက်ပိုင်း၌ တအာင်းတပ် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့ကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက တစ်နှစ်ခန့်အကြာတွင် ပြန်လည်သိမ်းပိုက်လိုက်ကြောင်း TNLA က အတည်ပြုခဲ့သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး၏ ပြောဆိုချက်အရ စစ်ကော်မရှင်တပ်များ မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့ သဖြင့် TNLA တပ်ဖွဲ့များမှာ မြို့ပြင်ဘက်သို့ တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်ဘက်ကမူ ၎င်းတို့၏ စစ်ကြောင်းများ မြို့တွင်းဝင်ရောက်သည့် ဓာတ်ပုံများကို အောက်တိုဘာ လ (၁၇) ရက်နေ့တွင် ထုတ်ပြန်ကာ မြို့ကို ပြန်လည်သိမ်းပိုက်ကြောင်း ကြေညာခဲ့သည်။
စစ်ကော်မရှင်တပ်က TNLA ပူးပေါင်းတပ်ဖွဲ့များသည် မြို့ပေါ်ရှိ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံးနှင့် သီပေါဟိုတယ် အပါအဝင် ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားခဲ့သဖြင့် ရှင်းလင်းရေး ဝင်ရောက်ခဲ့သည်ဟု စွပ်စွဲဖော်ပြသည်။
လေ့လာသူများ၏ အမြင်အရ စစ်ကော်မရှင်တပ်၏ ယခု နယ်မြေ ပြန်လည်ထိုးစစ်ဆင်နိုင်မှုသည် တရုတ်အစိုးရ ၏ ဖိအားပေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းလိုက်ရသည့် နောက်ဆက်တွဲ အခြေအနေ တစ်ရပ်ဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ဇူလိုင်လ (၁၆) ရက်နေ့တွင် နောင်ချိုမြို့၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျောက်မဲမြို့တို့ကို ပြန်လည်ရယူခဲ့ပြီးနောက် သီပေါမြို့ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သီပေါမြို့ပြင်ဘက်ရှိ ခမရ ၅၀၃ နှင့် ၅၀၄ ဘက်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း TNLA က အတည်ပြုထားသည်။
ထို့အပြင် စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်နယ်မြေ ဖြစ်သည့် မိုးကုတ်မြို့ဘက်ကိုပါ စစ်ကြောင်းထိုး နေပြီး၊ မန်တုံ၊ မိုင်းငေါ့၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်လျက်ရှိသည်။