ကန်ချနဘူရီ၌ တရားမဝင် မြန်မာ (၁၆၂) ဦး ဖမ်းမိ၊ (၁၈) နှစ်အောက် လူငယ် (၁၁) ဦး ပါဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ထိုင်း – မြန်မာနယ်စပ်၌ ပွဲစားမှောင်ခိုလမ်းကြောင်းဖြင့် ဝင်လာသည့် တရားမဝင် မြန်မာ (၁၆၂) ဦး ဖမ်းမိ၊ လူငယ် (၁၁) ဦး ပါဝင်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။

ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ ဆက်တိုက် ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။ 

ပန်းရောင်ကတ်လုပ်ပေးမည့် သတင်းကြောင့် မရှိမဲ့ရှိမဲ့ ငွေကြေးများကို စုဆောင်း၍ တရားဝင် အလုပ်လုပ်ခွင့် ရရန် မျှော်လင့်ချက်ဖြင့် တရားမဝင် လမ်းကြောင်းများမှ ဆက်တိုက် ဝင်ရောက်လာနေကြခြင်းဖြစ်သည်။ 

ပန်းရောင်ကတ် လုပ်ပေးမည့် အစီအစဉ်ကလည်း ရပ်တန့်သွားသလို အဖမ်းအဆီးများကလည်း များပြားလာ သည်။

အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၁၆၂) ယောက် ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးမိခဲ့သည်။ 

အထူး စိုးရိမ်ဖွယ်အခြေအနေမှာ ဖမ်းဆီးခံရသူများထဲတွင် အသက် (၁၈) နှစ် မပြည့်သေးသည့် လူငယ် (၁၁) ယောက် ပါဝင်နေခြင်းပင် ဖြစ်သည်။

ကန်ချနဘူရီခရိုင် အုပ်ချုပ်ရေးမှူး၊ ထိုင်းစစ်တပ်နှင့် ရဲအဖွဲ့များ ပူးပေါင်းကာ ရွာအစပ် တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသူ စုစုပေါင်း (၁၆၂) ဦးတွင် အမျိုးသား (၉၂) ဦး၊ အမျိုးသမီး (၅၇) ဦးနှင့် အသက် (၁၅) နှစ်မှ (၁၈) နှစ်ကြား လူငယ် (၁၁) ဦးတို့ ပါဝင်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမှ တစ်ဆင့် ရေလမ်း၊ ကားလမ်းနှင့် တောလမ်းများကဲ့ သို့သော တရားမဝင် လမ်းကြောင်းများအတိုင်း ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး၊ နောက်ထပ်လာရောက် ခေါ်ဆောင်မည့် ပွဲစားများကို စောင့်ဆိုင်းနေစဉ် အဖမ်းခံရခြင်းဖြစ်သည်။ 

၎င်းတို့သည် ထိုင်းနိုင်ငံ သို့မဟုတ် မလေးရှားနိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ရန် မျှော်လင့်ချက်ဖြင့် လာရောက်ခဲ့ကြ ခြင်းဖြစ်ပြီး၊ ပွဲစားများကို တစ်ဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ မှ ၂၄,၀၀၀ အထိ ပေးချေခဲ့ရသည်ဟု ထွက်ဆိုကြသည်။ 

ဖမ်းဆီးခံရသူ (၁၆၂) ဦးကို ကန်ချနဘူရီ ရဲစခန်း၌ ထိန်းသိမ်းပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်နေသည်။

အသက်မပြည့်သေးသည့် လူငယ်များ အပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝသည် ပွဲစားများ၏ အန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မှု အန္တရာယ်များကြားတွင် အမြဲတစေ မရေရာမှုများနှင့် ရင်ဆိုင်နေရသည်။