ရခိုင်ပင်လယ်ပြင်၌ ညအချိန် ငါးဖမ်းဆီးမှုများကို AA က လုံခြုံရေးအရ အချိန်ကန့်သတ် တားမြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ရခိုင်ပြည်၊ သံတွဲမြို့နှင့် ဂွမြို့နယ်အနီး ပင်လယ်ပြင်တွင် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် အာရက္ခတပ် တော် (AA) က ညအချိန် ငါးဖမ်းဆီးမှုများကို တားမြစ်လိုက်သည်။

ယင်းတားမြစ်ချက်ကို အောက်တိုဘာလ (၁၉) ရက်နေ့က စတင်၍ ညနေ (၆) နာရီမှ မနက် (၆) နာရီအတွင်း လုံးဝ ငါးမဖမ်းရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

AA ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားနေသော ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ ရေကြောင်းမှ စစ်အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာသည့်အပြင် AA က သိမ်းပိုက်ထားသည့် မြို့အချို့ကို ပြန်လည်ရယူရန်အတွက်လည်း ရေကြောင်းပြင်ဆင်မှုများ ပိုလုပ်လာနေကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ ရေယာဉ်များသည် ပင်လယ်ပြင်၌ ပြည်သူများကို တွေ့ပါက ဖမ်းဆီးသတ်ဖြတ်လေ့ရှိသည့် အပြင်၊ ငါးဖမ်းခွင့်ပေးထားသည့် ရေယာဉ်များကို အကာအကွယ်ယူကာ စစ်ရေးဖြည့်တင်း လှုပ်ရှားလာနိုင်သည့် အခြေအနေများကြောင့် ယခုကဲ့သို့ ငါးဖမ်းခြင်းကို ကန့်သတ်လိုက်ရခြင်း ဖြစ်ကြောင်း AA က ဆိုသည်။

AA အနေဖြင့် ရေလုပ်ငန်းကို အဓိက မှီခိုလုပ်ကိုင်နေရသည့် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကို နားလည်သောကြောင့် ယခင်က အချိန်အကန့်အသတ်မရှိ ခွင့်ပြုထားခဲ့သော်လည်း လက်ရှိတွင် စစ်ရေးအခြေအနေအရ ပိတ်ပင်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယခုအမိန့်ကို ပြန်လည်ရုပ်သိမ်းကြောင်း မကြေညာမချင်း ညအချိန် လုံးဝ ငါးမဖမ်းကြရန် AA က သတိပေး ထားပြီး၊ နေ့ခင်းပိုင်း ငါးဖမ်းရာတွင်လည်း ကမ်းဝေးသို့ မထွက်ကြရန်နှင့် စစ်ရေယာဉ်များ မြင်ပါက ကမ်းစပ်/ကမ်းနီးကို အမြန်ဆုံး ဆိုက်ကပ်ကြရန် သတိပေးထားသည်။