စွယ်တော်ကုန်းစခန်းကို စစ်တပ် ပြန်လည်ထိန်းချုပ်ထားသော်လည်း လေးကေကော်ကိုမူ မထိန်းချုပ်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် အနီးရှိ စစ်ရေးအရ အရေးပါသော စွယ်တော်ကုန်းစခန်း ကို စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်သော်လည်း မြို့ကိုမူ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

အဆိုပါစခန်းကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပြန်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်ဟု  ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) စစ်ရေး အရင်းအမြစ်များက ပြောသည်။

KNLA နှင့် ပူးပေါင်းတပ်များက တစ်နှစ်ကြာ ထိန်းချုပ်ထားခဲ့ပြီးနောက် မြဝတီတောင်ပိုင်းကို စစ်ကြောင်း ထိုးခြင်းဖြင့် ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် လေးကေ့ကော်မြို့သစ် ရပ်ကွက် (၄) ကိုပါ စစ်ကော်မရှင်တပ်က ဝင်ရောက်လာနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။ 

စစ်ကော်မရှင်တပ်သည် ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်း၍ အောက်တိုဘာလဆန်းမှစ၍ လေးကေကော်ဒေသကို ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။

စွယ်တော်ကုန်းသည် မြဝတီတစ်မြို့လုံးကို အပေါ်စီးမှ မြင်ရသဖြင့် စစ်ရေးဗျူဟာအရ အထူးအရေးပါသော စခန်းဖြစ်သည်။ 

သို့သော် တော်လှန်ရေးပူးပေါင်းတပ်များက စခန်းကို သိမ်းယူပြီးနောက် စစ်ကော်မရှင်တပ် တပ်စွဲမထားနိုင်ရန် တောင်ကြော တစ်ခုလုံးကို မြေအပြောင်းရှင်းပြီး ကွင်းပြင်အဖြစ် ပြုလုပ်ထားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

ထို့ကြောင့် စစ်ကော်မရှင်တပ်သည် စွယ်တော်ကုန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုနေရာ၌ တပ်စွဲနေထိုင်နိုင်ခြင်းတော့ မရှိသေးကြောင်း ဆိုသည်။

စစ်ကော်မရှင်တပ်သည် စွယ်တော်ကုန်းစခန်းနှင့် မြို့သစ် ရပ်ကွက်အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း လေးကေကော်မြို့ တစ်မြို့လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမျိုးတော့ မရှိသေးကြောင်း သိရသည်။ 

လတ်တလောတွင် စစ်ကော်မရှင်တပ်/BGF ပူးပေါင်းတပ်များသည် လေးကေကော်ဒေသအပြင် ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်စသည့် ဒေသများကို စစ်ဆင်နေသည်။

အလားတူ KNLA နှင့် ပူးပေါင်းတပ်များကလည်း အနီးပတ်ဝန်းကျင်နေရာများမှ နေ၍ တန်ပြန်ဖြတ်တောက် တိုက်ခိုက်နေဆဲဖြစ်သည်။

အဆိုပါ တိုက်ပွဲများထဲ မြေပြင်၌ နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိနေသည်။