ဖားကန့်ဒေသရှိ KIA တပ်ရင်းဟောင်းကို လေကြောင်းမှ ဗုံးအလုံး (၄၀) ခန့် ကြဲချတိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ကချင်ပြည်၊ ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၉)၊ တပ်ရင်း (၆) နေရာဟောင်းကို စစ်တပ်က ယနေ့ အောက်တိုဘာလ (၂၁) ရက်နေ့၊ နံနက် (၇) နာရီခွဲခန့်တွင် လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေသခံအမျိုးသားတစ်ဦး၏ ပြောပြချက်အရ စစ်တပ်သုံးလေယာဉ်သည် KIA တပ်ရင်း (၆) နေရာဟောင်း ပတ်ပတ်လည်သို့ လေယာဉ်ဗုံး အလုံးရေ (၄၀) ခန့် လာရောက်ပစ်ချခဲ့ကြောင်း သိရသည်။ 

ဒေသခံတော်လှန်ရေးအဖွဲ့များကမူ စစ်ကော်မရှင်တပ်သည် ဖားကန့်ဒေသ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေချိန်တွင် ယခုကဲ့သို့ ဌာနချုပ်နေရာဟောင်းများကိုပါ ပစ်မှတ်ထား ခြိမ်းခြောက် တိုက်ခိုက်လာခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

စစ်ကော်မရှင်တပ်သည် ဖားကန့်ဒေသအတွင်း လက်လွတ်ထားရသည့် နေရာများကို ပြန်လည်ရယူရန် မြေပြင် စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ဖားကန့်မြေပြင်၌လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

အောက်တိုဘာလ (၂၀) ရက်နေ့ကလည်း ဖားကန့်ရှိ မရှီကထောင်-ယူမာ-ဆိုင်းတောင် (ဆိပ်မူ) ရွာလမ်းမကြီး ပေါ်၌ စစ်ကော်မရှင်တပ်နှင့် ရှမ်းနီပြည်သူ့စစ်အဖွဲ့တို့ စစ်ရေးလှုပ်ရှားလာရာ KIA/PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယင်းတိုက်ပွဲကြောင့် ကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ပြီး အရပ်သား ထိခိုက်မှု မရှိသော်လည်း အဆောက်အအုံ အချို့ ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။