မြောက်ဦးမြို့ပေါ် ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်များ ခိုလှုံရာ စာသင်ကျောင်းအနီးသို့ စစ်အုပ်စုတပ်က ဂျက်တိုက် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အရပ်သား နှစ်ဦး သေဆုံးကာ ရှစ်ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၉ နာရီခန့်က အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦးမြို့၊ ကြက်ဈေး ရပ်ကွက်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော အခြေခံပညာ မူလတန်းလွန်ကျောင်းအနီးသို့ စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ စစ်ဘေးရှောင်ပြည်သူ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် အနီးဝန်းကျင်ရှိ ဘုန်းကြီးကျောင်းတို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
မြောက်ဦးဒေသခံတစ်ဦးက “ညပိုင်း လူတွေအိပ်ရာဝင်ခါနီးအချိန် စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကျောင်းနားကို ဂျက်ဖိုက်တာနဲ့ လာကြဲ သွားတာပါ။ စာသင်ကျောင်းရော အနားက ဘုန်းကြီးကျောင်းပါ ပျက်စီးကုန်သလို အပြစ်မဲ့ စစ်ရှောင်ပြည်သူ တွေလည်း သေဆုံးဒဏ်ရာရကုန်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတာလည်း ၃ ယောက်ရှိတယ်” ဟု ပြောသည်။
တစ်ညတည်းမှာပင် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကိုလည်း စစ်အုပ်စုတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်သွားခဲ့သည်။
ပေါက်တော၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ရှိ တိုက်ပွဲများတွင် အကျအဆုံးများပြီး တပ်စခန်းများ ဆက် တိုက်လက်လွှတ်ဆုံးရှုံးနေရသည့် စစ်အုပ်စုတပ်သည် ယခုနိုဝင်ဘာလအတွင်း မြောက်ဦးမြို့နယ်ကို လေကြောင်း ဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာလ ၁ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်ရှိ ယာယီသားဖွားဆောင်ကို ဗုံးကြဲခဲ့သဖြင့် တစ်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးကာ ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ နိုဝင်ဘာလ ၅ ရက်နေ့တွင်လည်း နန်းကျားကျေးရွာကို ဗုံးကြဲခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
အခြား မြောက်ဦးဒေသခံတစ်ဦးကလည်း “ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို ချည်း ရွေးပြီး လေကြောင်းကနေ ခပ်စိပ်စိပ် ဗုံးကြဲလာနေတော့ ဒေသခံတွေမှာ အလုပ်အကိုင်တွေလည်း ပျက်ပြီး နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ပဲ အသက်ရှင်နေထိုင်နေကြရတယ်” ဟု ဆက်ပြောသည်။
စစ်ဘက်နှင့် မသက်ဆိုင်သည့် စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေး အဆောက်အအုံနှင့် စစ်ဘေး ရှောင်စခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေ ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
စစ်ရေးပဋိပက္ခများအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလဆန်းအထိ နှစ်လကျော်ကာလအတွင်း၌ပင် ရခိုင်ဒေသခံ အရပ်သား ၁၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖြစ်သည်။
ပုံစာ – မြောက်ဦးမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ထိမှန်သူ။ / ဓာတ်ပုံ – AA Info Desk)