မြောက်ဦး ဆေးရုံဗုံးကြဲမှုက စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် စံချိန်တင် ဆိုးရွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
ရွေးကောက်ပွဲ အကြိုကာလတွင် စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ မြင့်တက်လာ နေပြီး လူ့အခွင့်အရေးနေ့၌ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုက အဆိုးဝါးဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များ အကောင် အထည်ဖော်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သားများအပေါ် ဖိနှိပ်ခြိမ်းခြောက်မှုများကို လျှော့ချခြင်းမရှိဘဲ ဆိုးရွားစွာ ဆက်တိုက်ကျူးလွန်နေသည် ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်က “လေကြောင်းတိုက်ခိုက်မှု (airstrike) တွေ၊ နောက်တစ်ခုက အမျိုးသမီးတွေ၊ ကလေးတွေနော်၊ နောက်တစ်ခါ ရွာတွေ မီးရှို့ခံရတာတွေ ပိုများလာတယ်။ လွှမ်းခြုံကြည့်လိုက်မယ် ဆိုလို့ရှိရင် လူ့အခွင့်အရေး အခြေအနေတွေက ဆိုးရွားတဲ့ ဘက်ကို တဖြည်းဖြည်းနဲ့ ရောက်လာပြီးတော့ အခုလိုမျိုး ရွေးကောက်ပွဲ ကာလနဲ့ နီးလာလေ ချိုးဖောက်မှုတွေက များလာလေဆိုတဲ့ အနေအထားကို ပြနေပါတယ်” ဟု ပြောသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးပြီး အယောက် ၈၀ နီးပါး ဒဏ်ရာရခဲ့ သည်။
ဤဖြစ်ရပ်သည် ယခုကာလအတွင်း အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေကို ရရှိရေးနှင့် ပြည်သူများ မဲပေးနိုင်သည့်ပုံစံကို ကမ္ဘာသို့ ပြသလိုသောကြောင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ဖိနှိပ်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ထောက်ပြမှုများ ရှိနေသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ထောက်ပြချက်အရ စစ်ကော်မရှင်သည် အရပ်သားများအား မတရား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများအပြင် နယ်မြေကန့်သတ် ပိတ်ဆို့ခြင်း၊ စားနပ်ရိက္ခာ အကူအညီ လမ်းကြောင်းပိတ်ဆို့ခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအလိုက် ခွဲခြားကန့်သတ်ခြင်း စသည့် ဖိနှိပ်မှုများကို ကျူးလွန်လျက်ရှိသည်။
ကျူးလွန်ခံရသူများအတွက် ပြန်လည်ကုစားမှု၊ နစ်နာကြေးနှင့် တရားမျှတမှု ဖော်ဆောင်ပေးရန် လိုအပ်သော် လည်း စစ်ကော်မရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ ရှုတ်ချမှုနှင့် အရေးယူဆောင်ရွက်မှုအပိုင်းတွင် အားနည်းနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြသည်။
ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ ဒေါ်မူစဲကမူ နိုင်ငံသားများနှင့် နိုင်ငံတကာက တိတ်ဆိတ်နေခြင်းသည် စစ်အုပ်စု ကို အခွင့်အရေးပေးရာ ရောက်ကြောင်း ယခုကဲ့သို့ ပြောသည်။
“လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့မှ မြန်မာနိုင်ငံသား တစ်ဦးချင်းစီကရော နိုင်ငံတကာကရော ချိုးဖောက်မှုတွေ တွေရှိတဲ့အခါ ခံရတဲ့အခါမှာ တိတ်ဆိတ်မနေဘဲနဲ့ ထုတ်ဖော်ရမယ်။ကျမတို့က တိတ်ဆိတ် နေရင်တော့ စစ်အုပ်စုကို လူသတ်လိုင်စင်တွေ သူတို့လက်ထဲ ပေးလိုက်သလို ဖြစ်မှာပဲပေါ့။”
Network for Human Rights Documentation – Burma (ND-Burma) က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ယခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တိုင်းနှင့်ပြည်နယ် ၇ ခုတွင် အမျိုးသမီး ၇၅ ဦး၊ ကလေးသူငယ် ၆၀ ဦးနှင့် အမျိုးသား ၇၂ ဦး အပါအဝင် စုစုပေါင်း ၂၃၈ ဦး အသက်သေဆုံးခဲ့ရသည်။
ND-Burma က စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုသည် အရပ်သားပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရ မှု၏ အဓိက အကြောင်းရင်းအဖြစ် ဆက်လက်ရှိနေသည်ဟု ဆိုသည်။
စစ်ကော်မရှင်၏ ခြိမ်းခြောက်ဖိနှိပ်မှု အမျိုးမျိုးနှင့် ပြည်တွင်းစစ်၏ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံသား တစ်ဦးချင်းစီသည် အခွင့်အရေးများ ဆုံးရှုံးနေရပြီး၊ ယင်းပြစ်မှုများ ကျူးလွန်သူများကလည်း ယနေ့တိုင် အပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြလျက် ရှိသည်။
ဓာတ်ပုံ – Wai Hun Aung (Facebook)