မောင်တော AA စခန်း တိုက်ခိုက်ခံရမှုတွင် BGB ပူးပေါင်းမှု ရှိနိုင်ဟု AA သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မောင်တောခရိုင် အတွင်းရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို အစ္စလာမ်မစ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့် က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ တစ်ဆင့် ဖြတ်ကျော်ဝင် ရောက် ကာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။
AA ထိန်းချုပ်ထားသော အထက်ကျီးကျွန်းဒေသရှိ နယ်စပ်လုံခြုံရေးစခန်းကို အဆိုပါ စစ်သွေးကြွများက ဒီဇင် ဘာ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် လက်နက်ငယ်များနှင့် 40 MM (79) များဖြင့် မိနစ်အနည်းငယ်ကြာ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
AA တပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်လိုက်သည့် အခါ ထိုအဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ BGB နယ်ခြားစောင့်စခန်း တစ်ခုအနီးသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
အာရက္ခတပ်တော် (AA) ကတော့ ယခုကဲ့သို့ ဝင်ရောက်တိုက်ခိုက်မှုများမှာ ARSA နှင့် RSO ကဲ့သို့သော အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။
AA ၏ အဆိုအရ၊ အဆိုပါ အကြမ်းဖက်အဖွဲ့များမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မကြာခဏ ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်နေသည့် အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တပ်မှူးများမှာ အကျင့်ပျက်ခြစားကာ မသိကျိုးကျွန် ပြုနေပြီး အကြမ်းဖက်သမားများကို အားပေးအားမြှောက် လုပ်နေသည့် ပုံစံဖြစ်နေသည်ဟု စွပ်စွဲထားသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် “အာရက္ခနယ်စပ်ရှိ နေရာများသို့ ဘင်္ဂလာဘက်ခြမ်းမှ ယခုကဲ့သို့ ဖြတ်ကျော် ဝင် ရောက်ကာ အလစ်အငိုက်၊ ချောင်းမြောင်း တိုက်ခိုက်သောလုပ်ရပ်များမှာ အကျင့်ပျက် BGB တပ်မှူးများ မှ မသိ ကျိုးကျွန်ပြုကာ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုနေသကဲ့သို့ ဖြစ်နေသောကြောင့် နယ်စပ် တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါသည်” ဖော်ပြထားသည်။
AA က ထိုကဲ့သို့သော လုပ်ရပ်များကြောင့် နှစ်ဖက်အကြား တည်ဆောက်ထားသည့် ယုံကြည်မှုများ ပျက်ပြား လာပြီး မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်းလည်း ဆိုသည်။
မောင်တောခရိုင်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက လက်ရှိ မြေပြင်အခြေအနေနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ဒီလို အစွန်းရောက်အဖွဲ့တွေ ဝင်လာတာကို ကျနော်တို့က အရမ်းစိုးရိမ်ရပါတယ်။ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ရှိနေပေမယ့် ဒီလို ARSA တို့ RSO တို့လို အဖွဲ့တွေက အရပ်သားတွေကိုပါ ချုံခိုတိုက်ခိုက်တာ၊ သတ် ဖြတ်တာနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ လုပ်နေလို့ ကျနော်တို့ ဒေသခံတွေအတွက် ဘယ်နေရာမှ လုံခြုံမှု မရှိဘူးလို့ ခံစားရပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များသည် အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား ချုံခိုတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများကို မကြာခဏ ကျူးလွန်နေကြောင်း AA ကလည်း ထောက်ပြထားသည်။