တနိုင်းပယင်းမှော်ကို စစ်တပ် လေကြောင်းဖြင့် ထိုးစစ်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။

စစ်ကော်မရှင်တပ်ဖွဲ့များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေ သည့် ကြားမှ စီးပွားရေးအရ အရေးပါသည့် ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ ပယင်းမှော်ဒေသကို ပစ်မှတ်ထားကာ စစ်ကြောင်းထိုးပြီး လေကြောင်းပါသုံး၍ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တနိုင်းဒေသရှိ ပယင်းမှော်နှင့် ရွှေမှော် နေရာများကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲခဲ့ သည့်အပြင် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ စစ်ကြောင်းထိုးမှုများ ဆက်ရှိနေသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၄ နယ်မြေ ကို ဦးတည်ခဲ့ခြင်းဖြစ်ပြီး၊ တနိုင်း ပယင်းမှော်ဒေသသည် ပယင်းနှင့် ရွှေမှော်များ ပေါများသည့်အတွက် စစ်ကော်မရှင်အတွက် စီးပွားရေးအရ အရေးပါသော နယ်မြေတစ်ခု ဖြစ်သည်။ 

KIA က အဆိုပါ စခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် သိမ်းပိုက်ထားခဲ့ရာ၊ ယခု စစ်ကော်မရှင်၏ လုပ်ရပ်သည် နယ်မြေပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဒေသခံအချို့က သုံးသပ်ပြောဆိုနေကြသည်။

ဒေသခံများ၏ ပြောဆိုချက်အရ တိုက်ပွဲ ပြင်းထန်လာချိန် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နေ့ခင်း ၁ နာရီကျော်ခန့်တွင် စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်ဟု သိရသည်။

ဒေသခံတစ်ဦးက စစ်တပ်က မြေပြင်ကနေ ထိုးစစ်ဆင်ရုံမကဘဲ လေကြောင်း အင်အားနဲ့ပါ အပြင်းအထန် တိုက်ခိုက်ခဲ့တာပါ။ ဒီပယင်းမှော်ဒေသကို သူတို့ ဘယ်လောက် အရေးထားလဲဆိုတာ ပြတာပဲ။ တိုက်ပွဲဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အရပ်သားလုပ်သားတွေလည်း ရှိနေတာကို ဂရုမစိုက်ပါဘူး ဟု ပြောသည်။

တိုက်ပွဲများကြောင့် ပယင်းမှော်လုပ်ကွက်များ အားလုံး ရပ်နားထားရပြီး ဒေသခံလုပ်သား ထောင်ပေါင်းများစွာ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တနိုင်းဒေသ တိုက်ခိုက်မှုသည် စစ်အုပ်စု၏ လက်ရှိ စစ်ရေးရည်မှန်းချက်ကို ထင်ဟပ်နေကြောင်း ဒေသခံများက သုံးသပ်သည်။ 

စစ်တပ်သည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နှင့် ရခိုင်ပြည် (မြောက်ဦး၊ ပုဏ္ဏားကျွန်းတို့အပြင် AA က သိမ်းပိုက် ထားသည့် နယ်မြေများကိုလည်း လေကြောင်းတိုက်ခိုက်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်တိုက် ပြုလုပ်နေသည်ကို တွေ့ရသည်။

ဒေသခံများက ယခုတနိုင်း တိုက်ခိုက်မှုသည် စစ်အုပ်စု၏ နယ်မြေပြန်သိမ်းပိုက်ရေး စစ်ရေးရည်မှန်းချက်ကို ပြသနေပြီး၊ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန် ပြောဆိုလျက်ရှိသည်။