ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကြောင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ရွှေ့ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေသည့်အတွက် ယနေ့ (အင်္ဂါနေ့) တွင် ကျင်းပရန် မူလက စီစဉ်ထားခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကို ထိုင်းနိုင်ငံ၏ တောင်းဆိုချက်အရ ဒီဇင်ဘာ ၂၂ ရက် သို့ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် မေလက ကမ္ဘောဒီးယား စစ်သားတစ်ဦး ကျဆုံးပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားခဲ့ရာ၊ နယ်စပ်နှစ်ဖက်စလုံးရှိ အရပ်သား သိန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
နောက်ဆုံးပတ် တိုက်ပွဲများတွင် ထိုင်းအာဏာပိုင်များ၏ အဆိုအရ စစ်သား ၁၆ ဦး နှင့် အရပ်သား ၁၀ ဦး သေဆုံးပြီး အရပ်သား ၂၅၈,၆၂၆ ဦး နေရပ်စွန့်ခွာခဲ့ရသည်။ ကမ္ဘောဒီးယားဘက်မှလည်း လူ ၁၁ ဦး သေဆုံးပြီး အရပ်သား ၃၉၄,၇၀၆ ဦး နေရပ်စွန့်ခွာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထိုင်းနိုင်ငံက ကမ္ဘောဒီးယား၏ ပင်လယ်ဝင်ပေါက်ကို ပိတ်ဆို့ထားသည်။ ထို့ပြင်၊ ကမ္ဘောဒီးယားသို့ လာအိုနိုင်ငံမှတစ်ဆင့် လောင်စာဆီများ ရောက်ရှိမည်ကို စိုးရိမ်သဖြင့် လာအိုသို့ လောင်စာဆီ တင်ပို့ခြင်းကိုလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။ ထိုင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Nattapon Nakpanich က စစ်လက်နက်ပစ္စည်းနှင့် လောင်စာဆီ ပိတ်ဆို့မှုများ ပြုလုပ်နိုင်ပါက အခြေအနေများ တိုးတက်လာမည်ဟု ပြောကြားခဲ့သည်။