ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ဆူရင်းတွင် ဒုံးကျည်များ ပစ်ခတ်၊ နယ်မြေအချို့ကို ထိုင်းပြန်သိမ်း၊ ပင်လယ်ဝင်ပေါက်ကို ထိုင်းထိန်းချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
တစ်ပတ်ကျော်ကြာ မြင့်လာပြီဖြစ်သော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။
ယနေ့ဒီဇင်ဘာလ ၁၅ ရက် နံနက်တွင် ထိုင်းနယ်စပ် ဆူရင်းခရိုင်ရှိ ထကွိုင်ဘုရားကျောင်းနှင့် တောင်ကုန်းအမှတ် ၃၅၀ ကို ကမ္ဘောဒီးယားဘက်မှ BN-21 အလိုအလျောက် အတွဲလိုက် ဒုံးကျည်များဖြင့် ပစ်လွှတ်ခဲ့သည်ဟု ထိုင်းဘက်က ကြေညာခဲ့သည်။
မနက် ၆ နာရီကျော် အချိန်တွင် ထိုင်းဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြသည်။
တနင်္ဂနွေနေ့ကမူ ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Parach Rattanachaiyapan က ထိုင်းစစ်တပ်သည် Trat (ထရက်) ကမ်းရိုးတန်းခရိုင်ရှိ အချုပ်အခြာအာဏာပိုင် နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ပြိုင်ဘက်အင်အားစုများကို နှင်ထုတ်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုက်ပွဲများကြောင့် ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားအစိုးရသည် နယ်စပ်ဖြတ်ကျော်ဝင်ထွက်မှု လမ်းကြောင်းအားလုံးကို လုံးဝ ပိတ်ဆို့ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။
လက်ရှိပဋိပက္ခတွင် နှစ်ဖက်စလုံးမှ စစ်သားနှင့် အရပ်သား အနည်းဆုံး ၂၅ ဦးခန့် သေဆုံးခဲ့ပြီး လူပေါင်း ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည်။ ထိုင်းအစိုးရသည် အရှေ့တောင်ပိုင်း Trat ခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်သူ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရန် သဘောတူညီပြီဟု ကြေညာခဲ့သော်လည်း ထိုင်းအရာရှိများကမူ ထိုသဘောတူညီချက်ကို ငြင်းဆိုခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးကို မြေပြင်အခြေအနေပေါ် မူတည်၍သာ ထိုင်းက ဆုံးဖြတ်မည်ဟု ပြောဆိုခဲ့သည်။
ထပ်မံ၍ ထိုင်းနိုင်ငံသည် တနင်္ဂနွေနေ့တွင် ကမ္ဘောဒီးယား ပင်လယ်နယ်နိမိတ်ကို စတင် ပိတ်ဆို့လိုက်သည်ဟု ထိုင်းနိုင်ငံ လူထုဝန်ဆောင်မှု ရုပ်သံက သတင်းထုတ်ပြန်သည်။
ဤပိတ်ဆို့မှုသည် ကုန်တင်သင်္ဘော၊ ငါးဖမ်းသင်္ဘောနှင့် ရေနံတင်သင်္ဘောများ အပါအဝင် မည်သည့်နိုင်ငံ မှတ်ပုံတင်ဖြင့်မဆို ကမ္ဘောဒီးယားသို့ ဝင်ရောက်လာမည့် ပင်လယ်ပြင်သွား ရေယာဉ်အားလုံးကို တားမြစ်မည်ဖြစ်ပြီး၊ လောင်စာဆီ၊ စစ်လက်နက်ပစ္စည်းနှင့် အရေးပါသော စစ်ရေးပစ္စည်းများ ပိတ်ဆို့ရန် ရည်ရွယ်ကြောင်း ထိုင်းက ပြောကြားသည်။