ထိုင်းတွင် လေဆိပ်လုံခြုံရေးတင်းကျပ်မည်ဟု ထိုင်း လဝက ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှု မြင့်တက်လာခြင်းကြောင့် ထိုင်းလေဆိပ်များတွင် လုံခြုံရေး စစ်ဆေးမှုများကို တင်းကျပ်လိုက်သည်။
ဗီဇာမလိုဘဲ ဝင်ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံသားများနှင့် နိုင်ငံခြားသား ကြေးစားစစ်သားများ ဝင်ရောက်မှုကို တင်းတင်းကျပ်ကျပ် စိစစ်ရန် အမိန့်ပေးထားကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
Suvarnabhumi, Don Mueang, Chiang Mai, Phuket နှင့် Hat Yai အပါအဝင် အဓိက နိုင်ငံတကာ လေဆိပ်များတွင် လုံခြုံရေး တိုးမြှင့်ထားသည်။
လုံခြုံရေး စစ်ဆေးမှုများကြောင့် နိုင်ငံကူးလက်မှတ် စစ်ဆေးသည့် နေရာများတွင် ပုံမှန် မိနစ် ၂၀ မှ ၄၅ မိနစ်ခန့်အထိ စောင့်ဆိုင်းရမည့် အချိန် ပိုကြာနိုင်ကြောင်း ဗျူရိုက အသိပေးခဲ့သည်။
ရဲမှူးချုပ် Choengron Rimpadee ၏ ပြောကြားချက်အရ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ထိုင်းလုံခြုံရေးကို ခြိမ်းခြောက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံခြားသားများက ဗီဇာမလိုဘဲ ဝင်ရောက်ခွင့် အစီအစဉ်ကို အလွဲသုံးစားပြုနိုင်ခြေရှိသဖြင့် လုံခြုံရေး တိုးမြှင့်ရခြင်း ဖြစ်သည်။
အရှေ့ဥရောပနှင့် အာရှမြောက်ပိုင်း ဒေသမှ ခရီးသည်များကို ကြေးစားစစ်သား ငှားရမ်းလေ့ရှိသောကြောင့် အဓိက စိစစ်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် ထိုင်းနှင့် ကမ္ဘောဒီးယားကြား စီးပွားဖြစ် လေကြောင်းခရီးစဉ်များမှာ ပုံမှန်အတိုင်း ပြေးဆွဲနေဆဲ ဖြစ်သည်။