ချင်းမိုင်တွင် တောင်ကိုရီးယားအမျိုးသမီးနှင့် မြန်မာအမျိုးသားတို့ လိုက်ပါလာသည့် ကား မီးလောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စခက် (Doi Saket) မြို့နယ်တွင် တနင်္လာနေ့ညနေပိုင်းက တောင်ကိုရီးယားအမျိုးသမီးတစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦး လိုက်ပါလာသည့် မော်တော်ယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
၎င်းတို့နှစ်ဦးလုံး အချိန်မီ ထွက်ပြေးနိုင်ခဲ့သဖြင့် အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့သည်ဟု Khaosod သတင်းတွင် ဖော်ပြထားသည်။
ရဲမှတ်တမ်းအရ တနင်္လာနေ့ ညနေ ၆ နာရီ ၅၂ မိနစ်အချိန်တွင် ဒွိုင်စခက် စူပါမားကက် တစ်ခု ရှေ့တွင် မော်တော်ယာဉ်တစ်စီး မီးလောင်နေကြောင်း သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။
မီးသတ်တပ်ဖွဲ့ဝင်များ လာရောက်မီးငြှိမ်းသတ်ခဲ့သော်လည်း မော်တော်ယာဉ်မှာ လုံးဝ ပြာကျပျက်စီးသွားခဲ့သည်။
ယာဉ်ပေါ်ပါလာသူ နှစ်ဦး၏ ပြောကြားချက်အရ ၎င်းတို့သည် ဆန်ခမ်းဖဲင်း (San Kamphaeng) မြို့နယ်ဘက်မှ မောင်းနှင်လာစဉ် အင်ဂျင်ခန်းအတွင်းမှ အနက်ရောင်ခိုးငွေ့များ အများအပြား ထွက်ပေါ်လာသည်ကို သတိပြုမိခဲ့ကြခြင်းဖြစ်သည်။
ယာဉ်မောင်းနှင်သူ မြန်မာအမျိုးသားသည် ကားကို ချက်ချင်းရပ်တန့်ခဲ့ပြီး နှစ်ဦးလုံး ကားပေါ်မှ အမြန်ထွက်ပြေးခဲ့ကြရာ ခဏအကြာတွင် ကားတစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။