ဘုံဘေမြို့ ဒုတိယလေဆိပ်သစ် ဖွင့်လှစ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။ 

တောင်များကိုဖြို မြစ်များကို လမ်းကြောင်း ပြောင်းပြီး ဆယ်စုနှစ်နှင့် ချီ၍ တည်ဆောက်နေခဲ့သည့် အိန္ဒိယ နိုင်ငံ ဘုံဘေမြို့က Navi Mumbai (NMI) နိုင်ငံတကာ လေဆိပ်သစ် ဖွင့်ပွဲကို အောက်တိုဘာ ၈ ရက်က ကျင်းပခဲ့သည်။ 

ဘုံဘေ ခေါ် Mumbai မြို့ လေဆိပ်သည် အရှေ့တောင်အာရှနဲ့ ဥရောပ ခရီးစဉ်တွေ အကြား ခရီးတထောက်နားရာ လေဆိပ်များထဲမှ တစ်ခု ဖြစ်သည်။ 

လေဆိပ်ဆောက်လုပ်ရေးသည် နှစ်ပေါင်း ၂၀ ခန့်ကြာမြင့်ခဲ့သည်။ 

ဆောက်လုပ်ရေး လုပ်ငန်းစဉ်များထဲတွင် တောင်များကို ပြားပြားဝပ်သွားအောင် ဖြိုရသည်၊ မြစ်များကို လမ်းကြောင်း ပြောင်းပေးရသည်၊ ချောက်ကြီးများကို တံတားတွေ ထိုးခဲ့ရသည်ဟု CNN သတင်းဌာနက ဖော်ပြသည်။ 

ကမ္ဘာ့ လူဦးရေ အထူထပ်ဆုံးမြို့များတွင် ပါဝင်သော ဘုံဘေမြို့သည် ဒုတိယမြောက် နိုင်ငံတကာ လေဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ပထမလေဆိပ်ဖြစ်သည့်  BOM လေဆိပ်သည် တစ်နှစ်ကို ခရီးသည် ၅၄ သန်းကို ဝန်ဆောင်မှု ပေးနေရပြီး ခရီးသည်များ များလွန်း၍ လူတန်းရှည်များဖြင့် စောင့်ဆိုင်းရသော လေဆိပ်ဖြစ်သည်။ 

ယခုလေဆိပ်သစ်တွင် ဆိပ်ခံတာမီနယ် ၄ ခု အထိ ဆောက်လုပ်သွားမည် ဖြစ်ပြီး လက်ရှိ ပြီးစီးထားသည့် တာမီနယ် တစ်ခုထဲပင်လျှင် တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ ကို ဝန်ဆောင်မှု ပေးသွားမည်ဟု ဆိုသည်။ 

လေဆိပ်ဆောက်လုပ်မှု အပြည့်အဝ ပြီးစီးသွားပါက တစ်နှစ်လျှင် ခရီးသည် သန်း ၉၀ ကို ဝန်ဆောင်မှု ပေးနိုင်မည်ဟု ဆိုသည်။ 

လေဆိပ်အသစ်ကြောင့် ဘုံဘေမြို့တည်ရှိရာ မဟာရပ်ရှ်ထရာ (Maharashtra)  ပြည်နယ်မှ လယ်ယာထွက်ကုန်များနှင့် ရေလုပ်ငန်းထွက်ကုန်များကို ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများနှင့် အခြား ကမ္ဘာ့ဈေးကွက်များကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တင်ပို့နိုင်တော့မည်ဟု အာဏာပိုင်များက ပြောသည်။