နာဂ လူထု ကန့်ကွက်မှု ကြားမှ နယ်စပ် ခြံစည်းရိုး ကာရံရေး အိန္ဒိယ စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။ 

နာဂလူထု၏ ပြင်းထန်သော ကန့်ကွက်မှုကြားမှ အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံရေး လုပ်ငန်းများ ပြန်လည် စတင်နေသည်ဟု ဒေသခံများက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး စီမံကိန်းအား ဒေသခံ နာဂလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေ သည့် ကြားမှပင် အိန္ဒိယဖက်က နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။ 

ညီညွတ်သော တန်ရှန်းနာဂကောင်စီ (UTNC) က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းခွင်ကို ရက်အနည်းငယ် ရပ်နားခဲ့သော်လည်း ယခုအခါ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။eနာ

UTNC တာဝန်ရှိသူတစ်ဦးက ကျနော်တို့ UTNC ရဲ့ သဘောထားထုတ်ပြန်ချက် ထွက်ပြီးနောက်တော့ ဒါ သုံး ရက်လောက် သူတို့ နားထားတယ်ပေါ့။ သွားကြည့်တော့ သူတို့ မီတာ တစ်ရာလောက်တော့ ရှိနေပြီ ထင်တယ်။ ဒီ Backhoe (ဘက်ဟိုး) တစ်စီးနဲ့ အလုပ်လုပ်နေတာတော့ သွားတွေ့တယ်ဗျ ဟု ပြောသည်။

လက်ရှိ အိန္ဒိယဖက်မှ ခြံစည်းရိုးကာရံသည့် လုပ်ငန်းစဉ်သည် နယ်စပ်မှတ်တိုင် (၁၇၃) အနီးတွင် စတင်နေခြင်း ဖြစ်သည်။ 

UTNC တာဝန်ရှိသူများနှင့် ဒေသခံများက လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ရာ မြေတူးစက် (Backhoe) တစ်စီးဖြင့် အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရပြီး ခြံစည်းရိုးကာရံမှုသည် အရှည် မီတာ (၁၀၀) ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း UTNC တာဝန်ရှိသူက ပြောသည်။

နန်းယွန်းဒေသခံ နာဂအမျိုးသားတစ်ဦးကလည်း စက်ယန္တရားများဖြင့် ဆက်လက်လုပ်ဆောင်နေသည်ကို မြေပြင် ကွင်းဆင်း ကြည့်ရှုစဉ် တွေ့ရှိခဲ့ရကြောင်းနှင့် ကျောက်တိုင်ထူရန် ကျင်းတူးနေသည်ကို တွေ့ရကြောင်း ပြောဆို သည်။

ဒေသခံ နာဂလူထုက အဆိုပါ ခြံစည်းရိုးကာရံခြင်း စီမံကိန်းသည် နယ်စပ်တစ်ဖက်တစ်ချက်စီရှိ ဆွေမျိုးသားချင်း ဖြစ်သော နာဂမိသားစုများကြား ခွဲခြားလိုက်ခြင်းဖြစ်၍ လုံးဝလက်မခံနိုင်ကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။

နာဂဒေသခံတစ်ဦးက ခြံစည်းရိုးကာရံခြင်း၏ ဆိုးကျိုးနှင့် ပတ်သက်၍ ဟိုဖက်ဒီဖက်က ကျနော်တို့ မိသားစုတွေ ချည်းပါပဲ။ ကျနော်တို့က လူမှုဆက်ဆံရေးအရ၊ ကူးလူးဆက်ဆံရေးအရ တဖက်နဲ့ တဖက်က အိမ်ဦးနဲ့ ကြမ်း ပြင် လိုပါပဲ။ ဒီလိုရှိနေတဲ့ အရာကြီးကို ခြံစည်းရိုး ခတ်လိုက်မယ်ဆိုရင် ကျနော်တို့ မိသားစုကြားထဲမှာ ခြံစည်း ရိုးခတ်ပြီး ခွဲခြားပေးလိုက်သလို ဖြစ်သွားတာပေါ့။ ရှင်းရှင်းပြောရရင် ဒီအပေါ်မှာ ကျနော်တို့က ၁၀၀ ရာခိုင် နှုန်း ကန့်ကွက်ပါတယ်ဟု ပြောသည်။

အိန္ဒိယဖက်ကမူ ဤစီမံကိန်းကို ဗဟိုအစိုးရ၏ မူဝါဒနှင့် လုံခြုံရေးအရ မဖြစ်မနေ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း အကြောင်းပြချက်ပေးကာ ဆက်လက် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု UTNC က ထုတ်ပြန်ထား သည်။

UTNC အနေဖြင့် ဒေသခံ ပြည်သူလူထု၏ ဆန္ဒအရ ခြံစည်းရိုးကာရံခြင်းကို လုံးဝရပ်တန့်ပေးရန်သာ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ပြီး၊ အိန္ဒိယအစိုးရက ဆက်လက် တင်းမာနေပါက ကန့်ကွက်မှုများကို ပိုမိုပြင်းထန်စွာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo – UTNC