အစ္စရေးနှင့် ဟားမာ့စ် ငြိမ်းချမ်းရေး ပထမဆင့် သဘောတူညီချက်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။ 

အစ္စရေးနှင့် ဟားမာ့စ်အကြား ပထမဆင့် ငြိမ်းချမ်းရေး အစီအစဉ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။ 

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ဘုရားသခင် အကူအညီနှင့် ဓါးစာခံများကို အိမ်ပြန်ခေါ်လာနိုင်တော့မည်ဟု  ပြောလိုက်သည်။ 

ဟားမာ့စ်များကတော့ အဆိုပါသဘောတူညီချက်အရ ဂါဇာ စစ်ပွဲ အဆုံးသတ်သွားမည် ဖြစ်ပြီး သိမ်းပိုက်ထားသူများ နောက်ပြန်ဆုတ်မည်၊ အကူအညီများ ဝင်လာမည်၊ အကျဉ်းသားများကို အပြန်အလှန်လဲလှယ်ကြမည်ဟု ဆိုသည်။ 

အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက ဓါးစာခံများ လာမည့် တနင်္လာနေ့တွင် လွတ်လာမည်ဟု မျှော်လင့်ကြောင်း CNN သတင်းဌာနကို ပြောသည်။ 

ငြိမ်းချမ်းရေးအတွက် အတားအဆီး ဖြစ်နေသော  ဟားမာ့စ်များ အကြွင်းမဲ့ လက်နက်ချရေးနှင့် ဂါဇာကို အနာဂတ်တွင်  မည်သူက အုပ်ချုပ်သွားမည် ဆိုသည့် ကိစ္စများနှင့် ပတ်သက်၍ သမ္မတ ထရန့်၏ လူမှု မီဒီယာတွင်မူ ပြောပြထားခြင်း မရှိပေ။ 

အစ္စရေးတပ်များကို သတ်မှတ်ထားသည့် မျဉ်းအထိ ပြန်ဆုတ်ရန် ကိစ္စကို အတည်ပြုရန် အောက်တိုဘာ ၉ ရက်တွင် အစ္စရေး အစိုးရ အစည်းအဝေးကို ခေါ်ယူထားသည်ဟု ဝန်ကြီးချုပ် နေတန်ရာဟုက ပြောသည်။