ပူတာအိုတွင် စစ်တပ်ထောက်ခံပွဲကို လုံခြုံရေး အပြည့်ဖြင့် ကျင်းပ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
ကချင်ပြည် မြောက်ဖျားပိုင်းက ပူတာအိုမြို့တွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ထောက်ခံပွဲ လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်တပ် ထောက်ခံပွဲကို လုံခြုံရေးအပြည့်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။
လက်နက် ယူနီဖောင်း အပြည့်အစုံနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားပြီး ပူတာအို မြို့ပေါ်တွင် စစ်ကော်မရှင်နှင့် ပြည်သူ့စစ်အဖွဲ့တို့ကို ထောက်ခံသည့်ပွဲအား အောက်တိုဘာလ ၇ ရက်နေ့က လုပ်ခဲ့ ကြခြင်း ဖြစ်သည်။
လူအင်အား ၂၀၀ ကျော်ခန့်က လှည့်လည်စီတန်းပြီး စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ကို ထောက်ခံကြောင်း၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဦးတန်ဂူးတန် ပိုင်ဆိုင်သည့် ခြံဝန်းထဲတွင် လူစုပြီး ဆန္ဒပြမှုကို စစ်ကော်မရှင် လက်အောက်ခံ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အဖွဲ့နှင့် ၎င်းတို့ကို ကျောထောက်နောက်ခံပြုထားသည့် ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က ဦးဆောင်ပြီး လုပ် ခဲ့ခြင်း ဖြစ်သည်။
ဘိုးဘွားပိုင်နယ်မြေများ တည်တံ့ရေး၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ လန်ဆယ်ဒေသ ပြန်လည်ရရှိ ရေး၊ လန်ဆယ်ဒေသ စစ်ဆင်ရေးများ အောင်ရမည်ဟု ကြွေးကြော်ခဲ့ကြသည့်အပြင် အဆိုပါ စာသားများပါသော ဗီနိုင်းများ ကိုင်ပြီး လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။
အလားတူ အောက်တိုဘာ ၄ ရက်နေ့တွင်လည်း ခေါင်လန်ဖူးမြို့၌ စစ်တပ် ထောက်ခံပွဲလုပ်ခဲ့ကြသေးသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။