ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအတွက် တရုတ်နိုင်ငံက ကိုယ်စားလှယ် စေလွှတ်မည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။ 

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်တိုက်ပွဲများကို စေ့စပ်ညှိနှိုင်းပေးရန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် နှစ်နိုင်ငံလုံးသို့ သွားရောက်မည်ဖြစ်သည်။ 

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း ပီပီ နယ်စပ်တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဖြစ်ပေါ်လာရန် တက်ကြွစွာ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလက အာဆီယံထိပ်သီးညီလာခံတွင် နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း ဒီဇင်ဘာ ၇ ရက်နေ့မှစ၍ နယ်စပ်တွင် အဆင့်မြင့်ဒုံးကျည်များနှင့် လေယာဉ်များအသုံးပြုကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့သည်။

တိုက်ပွဲများအတွင်း ကမ္ဘောဒီးယားတပ်ဖွဲ့များထံမှ တရုတ်ထုတ် တင့်ကားဖျက်ဒုံးကျည်အချို့ကို သိမ်းဆည်းရမိခဲ့သော်လည်း တရုတ်နိုင်ငံက တစ်ဖက်သတ်လက်နက်ထောက်ပံ့ခြင်းမျိုး မရှိကြောင်း ထိုင်းဘက်က ပြောကြားထားသည်။ 

အမေရိကန်၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများ မအောင်မြင်ခဲ့သည့်နောက်တွင် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်လာခြင်း ဖြစ်သည်။