အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး အစည်းအဝေးမတိုင်မီ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲများ ပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နယ်စပ်ပြဿနာဖြေရှင်းရန် ကြိုးပမ်းနေသော်လည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
ယနေ့ ဒီဇင်ဘာ ၂၂ ရက် နံနက်တွင် ထိုင်းနိုင်ငံ စာကဲယိုခရိုင်အတွင်း အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သလို ကမ္ဘောဒီးယားဘက်တွင်လည်း ထိုင်းလေတပ်၏ ဗုံးကြဲမှုများ ရှိခဲ့သည်ဟု ဆိုသည်။
ဒီဇင်ဘာ ၈ ရက်မှ စတင်ခဲ့သော တိုက်ပွဲများကြောင့် သေဆုံးသူ ၄၁ ဦးအထိ ရှိလာပြီး နှစ်ဖက်နိုင်ငံမှ စစ်ဘေးရှောင်ဦးရေ ၁ သန်းနီးပါး ရှိနေပြီဖြစ်သည်။ ကမ္ဘောဒီးယားတွင် စစ်ရှောင် ၅ သိန်းကျော်ရှိနေသည်ဟု ပြောထားပြီး ထိုင်းဘက်တွင် စစ်ရှောင် ၄ သိန်းကျော်ရှိသည်ဟု ဆိုသည်။
မလေးရှားနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးနေကြပြီး အမေရိကန်၏ ဂြိုဟ်တုအချက်အလက်များဖြင့် နယ်စပ်အခြေအနေကို စောင့်ကြည့် သွားမည်ဟု ဆိုသည်။
စစ်ရေး ပဋိပက္ခများကြောင့် လက်ရှိတွင် နယ်စပ်ဂိတ်အားလုံးကို ပိတ်ထားရသည်။ ပဋိပက္ခများကြောင့် နယ်စပ်များ ပိတ်ထားခဲ့ရသော်လည်း အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်တွင် နယ်စပ် ဂိတ်များကို ပြန်လည် ဖွင့်လှစ်ခဲ့ကြသည်။
ဒီဇင်ဘာ ၈ ရက်နောက်ပိုင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့် စနေ-တနင်္ဂနွေ အားလပ်ရက်များအတွင်း နယ်စပ်ဂိတ်များ အားလုံးပြန်လည် ပိတ်ထားခဲ့ကြသည်။
တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ငြိမ်းချမ်းရေးအတွက် နှစ်နိုင်ငံလုံးကို အပြုသဘော ကူညီဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။