အထီးကျန် စစ်ကောင်စီ အာဆီယံမှတစ်ဆင့် တရားဝင်မှုရရှိရန် ကြိုးပမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်။ 

နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေးအရ ဖယ်ကြဉ်ခံထားရသည့် မြန်မာစစ်အုပ်စုသည် လက်ရှိတွင် အာဆီယံ (ASEAN) အဖွဲ့အစည်း၏ စစ်ဘက်နှင့် အရပ်ဘက် အစည်းအဝေးများကို အသုံးချကာ ၎င်းတို့၏ တရားဝင်မှုကို ပြန်လည်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။ 

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့သည့် အာဆီယံစစ်သေနာပတိချုပ်များ အစည်းအဝေးသို့ စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ခဲ့သည်။  

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သဖြင့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာပြီဖြစ်ကြောင်း နိုင်ငံတကာစစ်ဘက်ခေါင်းဆောင်များကို ထည့်သွင်းပြောကြားကာ ဝါဒဖြန့်ချိခဲ့သည်။ 

တပြိုင်နက်တည်းမှာပင် မနီလာမြို့၌ တနင်္လာနေ့က ကျင်းပခဲ့သည့် ဖိလစ်ပိုင်-မြန်မာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကိုကိုကျော် ကိုယ်တိုက်တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အသုံးချရန် ကြိုးပမ်းခဲ့သည်။

ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အချုပ်သို့ ပြောင်းရွှေ့ချထားမှုနှင့် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများအပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။ 

စစ်ကောင်စီသည် ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားသစ်ကို ဒေသတွင်းနိုင်ငံများက အသိအမှတ်ပြု လက်ခံလာစေရန် အပြင်းအထန် ရုန်းကန်လှုပ်ရှားနေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။