ကရင်နီရှိထပ်ကွမ်းစစ်ရှောင်များ ခံနိုင်ရည်ကျဆင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။

ကရင်နီပြည်အတွင်း စစ်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် ဒေသခံပြည်သူများသည် နေရာအတည်တကျမရှိဘဲ အကြိမ်ကြိမ် ထပ်ဆင့်ပြေးလွှားနေရပြီး၊ ရေရှည်စားဝတ်နေရေးနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်အား ကျဆင်းမှုများ ကို ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များနှင့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း လူထုသည် စစ်တပ်၏ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများကြောင့် အရေးပေါ် ထပ်ဆင့်ရွှေ့ပြောင်း နေရခြင်း ဖြစ်သည်။

KnHRG ဒါရိုက်တာ မမေက ၅ နှစ်အတွင်းမှာ ကျမတို့ ပြည်နယ်မှာရှိတဲ့ စစ်ရှောင်အကုန်လုံးက အနည်းဆုံး ၂ ကြိမ်ကတော့ ရွေ့ပြောင်းဖူးတယ်ပေါ့နော်။ အများဆုံးဆိုရင် ၅ ကြိမ်၊ ၅ ကြိမ်နဲ့အထက် ရွေ့ပြောင်းရတဲ့ဟာမျိုး ရှိနေတယ်ပေါ့နော်။ အဲ့ဒီရွေ့ပြောင်းရတဲ့ အခြေအနေတွေကြောင့်မို့လို့ ဒီနှစ် ၂၀၂၆ နှစ်ပိုင်းမှာက အဘက်ဘက် က ကျဆင်းမှုတွေရယ် ခက်ခဲလာတဲ့ အခြေအနေတွေကြောင့်မို့လို့ လူထုတွေရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ပိုပြီး တော့ ခံနိုင်ရည်အားကတော့ ကျလာတယ်။ ပိုပြီးတော့ ညဉ်းထွားလာကြတယ် ဆိုတဲ့ဟာကို ကျမတို့ တွေ့ရတယ် ပေါ့နော် ဟု ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခြင်းနှင့် ဒေသခံ ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းတို့ကြောင့် ဘောလခဲ၊ ဖရူဆိုမြို့နယ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ စစ်ရှောင်နေရာ အနည်းဆုံး ၃ နေရာအပြင်၊ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဘက်မှ စစ်ဘေးရှောင် များပါ အရေးပေါ် ထပ်မံရွှေ့ပြောင်းခဲ့ကြရသည်။

ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာမှ ဝယ်ဒူလျားစစ်ရှောင်စခန်းသို့ တိမ်းရှောင်လာပြီးနောက် မေလ ၇ ရက်နေ့တွင် စစ်တပ်က အဆိုပါစခန်းသို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် မေလ ၈ ရက်နေ့တွင် တောတောင်ထဲသို့ ထပ်ဆင့်ပြေးခဲ့ရသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက မြေပြင်ဒုက္ခကို ယခုကဲ့သို့ ပြောသည်။

ရွှေ့ပြောင်းရတဲ့အချိန်မာ ခြေလျင်နဲ့ပဲ ရွှေ့ပြောင်းနေရတာမျိုးပါ။ စကစတွေက စစ်ရှောင်အနီးအနား တစ် ဝိုက် ရှိနေတာမို့ ထွက်လမ်းကမရှိဘူး။ အခြေအနေအရလည်း စားနပ်ရိက္ခာတွေ မသယ်မှီလိုက်ဘူး။ ဆိုတော့ စားနပ်ရိက္ခာပိုင်းက အထူး လိုအပ်နေတာပေါ့လေ။ လက်ရှိမှာတော့ ရွာခံတွေနားမှာ ကပ်နေကြတယ်။ အခုမှပဲ တဲ စဆောက်ဖို့ လုပ်နေကြပြီ ဟု ပြောသည်။

စစ်ဘေးရှောင်များသည် စိုက်ပျိုးမြေများနှင့် ဝေးကွာကာ ကိုယ်ထူကိုယ်ထ စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ အလှူရှင်များကိုသာ ရေရှည်မှီခိုနေရသဖြင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

အဆိုပါ ဝယ်ဒူလျားစခန်းမှ ထပ်ဆင့်ရွှေ့ပြောင်းခဲ့ရသူ အမျိုးသမီးကစိတ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေကတော့ အများကြီးပါဘဲ။ တောင်ယာတွေ မလုပ်နိုင်တော့တာမို့ အလှူရှင်တွေရဲ့ ထောက်ပံ့သာ မရရှိတော့ရင် ရှေ့ဆက် ဘာတွေ စားကြမှာလဲ ဆိုတာမျိုးတွေဘဲ တွေးပူနေရတာ ဟု ပြောသည်။

ထို့ပြင် အကြိမ်ကြိမ် ထပ်ဆင့်ရွှေ့ပြောင်းနေရမှုများကြောင့် နောက်ဆက်တွဲအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ခွင့် ဆုံးရှုံးမှုအခြေအနေသည်လည်း ပိုမိုဆိုးရွားလာနေကြောင်း ဆိုသည်။

KnHRG ဒါရိုက်တာ မမေက ဆက်လက်၍ ဝမ်းရေးအတွက်ကို ပိုပြီး ဦးစားပေးရတဲ့ဟာမျိုး နေဖို့ထိုင်ဖို့ အတွက်ကို နောက်ထပ်တစ်ကြိမ် ပြန်ပြီးတော့ ရှာဖွေရတဲ့ဟာမျိုး ကြုံတွေ့လာရတယ်ပေါ့နော်။ နောက်ဆက် တွဲက အရေးပေါ်ကိုပဲ ရွေ့ပြောင်းဖို့အတွက်ရယ် နေဖို့ထိုင်ဖို့ စားဖို့အတွက်ပဲ ဦးစားပေးရတဲ့ အတွက်ကြောင့်မို့လို့ ထပ်ရွေ့ရတဲ့ စစ်ရှောင်တွေအတွက်ကတော့ ကလေးသူငယ်တွေ ကျောင်းပညာရေး အခက်အခဲတွေက ပိုပြီး တော့ ဆိုးဝါးလာစေတယ်။ အဲ့တာအပြင် သက်ကြီးရွယ်အိုတွေ နောက် နာတာရှည်ရောဂါတွေအတွက်က ရော ဂါကို ပိုပြီးတော့ ဆိုးဝါးစေတယ်ဆိုတဲ့ဟာမျိုးကို ကျမတို့ တွေ့ရတယ် ဟု ပြောသည်။

လက်ရှိတွင် မေလအတွင်း ဖရူဆိုနှင့် ဘောလခဲမြို့နယ်များမှ အရေးပေါ်ထပ်ဆင့် ပြေးလွှားခဲ့ရသည့် စစ်ဘေး ရှောင် ၁,၀၀၀ ခန့်အတွက် တဲဆောက်လုပ်ရန် မိုးကာများ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျှက်ရှိသည်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ ဇွန်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်သည် ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက် ခြေကုပ်စခန်းများနှင့် စစ်ကြောင်းများဖြင့် စစ်ရေးလှုပ်ရှားနေပြီး တော်လှန် ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေသည်ဟု ဆိုသည်။ 

ထို့ပြင်၊ အရပ်သားများ နေထိုင်ရာ ကျေးရွာများသို့လည်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်မှတ် မခွဲခြားဘဲ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများနှင့် မြေပြင်ရှိ စစ်ရှောင်အရေး ကူညီဆောင် ရွက်နေသူများက ပြောသည်။

ဓာတ်ပုံ – (CTER-Karenni)