တရားမဝင် ဝင်ရောက်သူများအား ပြန်လည်လွှဲပြောင်းမှုအား သုံးသပ်ရန် ထိုင်းအစိုးရကို တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။ 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းခံရသည့် ရွှေ့ပြောင်း အလုပ်သမားများကို စစ်ကောင်စီက စစ်မှု ထမ်းရန် အတင်းအဓမ္မ စုဆောင်းနေသည့်အတွက် တရားမဝင် မြန်မာလုပ်သားများ လွှဲပြောင်းပေးသည့် လုပ် ငန်းစဉ်များအား လူ့အခွင့်အရေး ရှုထောင့်မှ ပြန်လည်သုံးသပ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆို လိုက် သည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ အာဏာပိုင်များက စက်တင်ဘာလ ပထမအပတ်ထဲတွင် လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို စစ်ကောင်စီက ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် စစ်မှုထမ်းရန် အတွက် အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့သည်။

ထိုင်းဖက်က ပြန်လွှဲပေးလိုက်သည့် သူများကို စစ်ကောင်စီက စစ်သားသစ်အဖြစ် စုဆောင်းလိုက်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုလိုက်ရခြင်း ဖြစ်သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG ပြောရေးဆိုခွင့်ရှိသူ ဦးဗညားက ပြောသည်။

သူတို့ရဲ့ နိုင်ငံရေး ခံယူချက် ဖြစ်စေ၊ သို့တည်းမဟုတ် သူ့ရဲ့ အသားအရောင် ဘာသာကြောင့် ဖြစ်စေပေါ့နော်၊ အဲဒါကို မတရားသောနည်းဖြင့် သူတို့ကို ဖမ်းဆီးအကျဉ်းချပြီးတော့ သေစေနိုင်တဲ့ အခြေအနေတခု အောက်မှာ တော့ သူ့ကိုပြန်ပို့လို့မရဘူး ဆိုတာက တော့ ရှိတယ်ပေါ့နော်။ ဒါကတော့ လူ့အခွင့်အရေးရှုထောင့် နောက်အခြား တစ်ဖက်မှာ လူ့အခွင့်အရေးရှုထောင့် ပြောမယ်ဆိုရင် သေချာတာတစ်ခုကတော့ အရမ်းကို အန္တရာယ်များတယ် ပေါ့နော။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသည့်တိုင်အောင်တောင်မှ လူ့အခွင့်အရေးရှုထောင်ကနေ သူ့ကို ထိုင်းအစိုးရက ဖမ်းဆီးပြီး နောက်ပိုင်း ကျရင် ပြန်ပို့တဲ့ Process တွေမှာ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့် ပေးဖို့ လိုအပ်တာပေါ့နော်။” 

ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့နိုင်ငံ၏ ဥပဒေအရ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို ဖမ်းဆီး ပြီး နှစ်နိုင်ငံ သဘောတူချက်အရ ပြန်လည် လွှဲပြောင်းပေးရမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် မြန်မာ ပြည်သူများ အန္တရာယ် ကြုံတွေ့နေရသောကြောင့် လုပ်ငန်းစဉ်များကို လူ့အခွင့်အရေး ရှု့ထောင့်ကနေ ပြန်လည် သုံးသပ်ပေးရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုသည်ဟု  ဦးဗညား က ပြောသည်။

ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ရွှေ့ပြောင်း အလုပ် သမား ၂၇ ဦးမှာ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်း တက်ရောက်ရန် ငါးဖမ်းလှေ ၇ စီးနှင့် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ချိန် ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ခုခံတိုက်ခိုက် သတ်ဖြတ်ခဲ့သည်။

ထိုသို့ ခုခံတိုက်ခိုက်ပြီးနောက် KNU တပ်မဟာ ၄ ရှိ ကရင် အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ တွင် သွားရောက် ခိုလှုံခဲ့ကြသည်။

အသက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာပြည်သူများကို ဖမ်းဆီးပို့ဆောင်နေခြင်းထက် လူသားချင်းစာနာသည့် အနေဖြင့် အကူအညီများပေးရန် ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG ပြောရေးဆိုခွင့်ရှိသူ စောန္ဒဆူး က တောင်းဆိုထားသည်။

အဓိကကျတော့ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အခြေအနေအောက်မှာ မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်သူ ပြည် သားတွေ အနေနဲ့ ထိုင်းနိုင်ငံကို တရား မဝင်နည်းနဲ့ပဲ ဝင်ရောက်လာနေတဲ့အခါမှာ သူတို့ကိုတော့ ဒါ လူသားချင်း စာနာ သောအားဖြင့်တော့ သူတို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတိုင်းအတာအထိ ပြန်ပို့ ပေးခြင်းကိုတော့ မ လုပ်စေချင်ဘူး။ ဒီလိုလုပ်ခြင်း အားဖြင့်ဟာ ဆိုလို့ ရှိရင် မြန်မာပြည်သူလူထုတွေကို ထပ်ဆင့်ထပ်မံပြီးတော့မှ ဒုက္ခရောက်အောင် လုပ်တာနဲ့ အတူတူပဲ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် လုပ်ဆောင်တာ နဲ့ အတူတူ သက်ရောက်တယ်ပေါ့လေ။” 

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည့် ပြည်သူများနှင့် စစ်ကောင်စီက ပြဌာန်းလိုက်သော စစ်မှုထမ်း ဥပဒေကြောင့် လူငယ်များနှင့် အလွှာအသီးသီးက မြန်မာပြည်သူများမှာ နည်းမျိုးစုံဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ၏ ဥပဒေအောက်တွင် အကာအကွယ်ပေးရန် မေတ္တာ ရပ်ခံ တောင်းဆိုသည်ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အထွေထွေ အတွင်းရေးမှူး နန်းမို့မို့ က ပြောသည်။

ကျမတို့က ဟိုဖက်မှာက ကျမတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတာ ဖြစ်တယ်။ ကျမတို့ မလုံခြုံ တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒါပြည်ပနိုင်ငံမှာ လာပြီးခိုလှုံရတာ ဖြစ်တယ်ပေါ့။ အဲတော့ ပြန်မပို့ဖို့ က ကျမတို့ ပထမဦးဆုံး အရေးကြီးတယ်လို့ ပြောချင်တယ်ပေါ့နော်။ ပြီးလို့ရှိရင်တော့ ကျမတို့က ထိုင်းနိုင်ငံ အနေနဲ့ ဆိုရင်လည်း ပုံစံမျိုးစုံနဲ့ ရောက်ရှိလာတဲ့ ကျမတို့ လူငယ်တွေပေါ့နော် လူသား အရင်းအမြစ်တွေကို ဘယ်လိုပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ ဥပဒေအရပေါ့နော် အကာအကွယ်တွေ ပေးဖို့ကို နည်းလမ်းပေါင်းစုံ စဉ်းစားပြီး တော့ အဖြေရှာဖို့ကိုလည်း ကျမတို့ ထိုင်းရဲ့ အာဏာပိုင်တွေကိုပေါ့နော် တိုက်တွန်းချင်တယ်။

စစ်ကောင်စီက ထိုင်းဘက်ခြမ်းမှာ လွှဲပြောင်းပေးလိုက်သည့် ရွှေ့ပြောင်း အလုပ်သမားများကို ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီးနောက် စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်း တက်ရောက်ရန် အတွက် ငါးဖမ်းလှေ ၇ စီးနှင့် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ထိုကဲ့သို့ လုပ်ဆောင်ချက်မှာ စစ်မှုထမ်းဥပဒေနှင့် သွေဖယ်နေသည့်အပြင် ပြည်သူအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှု မလုပ်သည့်အပေါ် အပြင်းအထန် ရှုတ်ချသည်ဟု ဦးဗညား က ဆက်ပြောသည်။

ကျနော်တို့က ကိုယ့်နိုင်ငံမှာ လုပ်ကိုင် စားသောက်ဖို့ ခက်ခဲတဲ့အပေါ်မှာ သူများ နိုင်ငံမှာသွားတယ်။ သူများ နိုင်ငံမှာ အဖမ်းခံရပြီး ကိုယ့်နိုင်ငံ ပြန်ပို့တဲ့အချိန်မှာ ကျနော်တို့ ခေါ်တာက ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်မှုတွေ လုပ်ငန်းတွေ လုပ်ပေးရမှာ ဖြစ်တာပေါ့။ အခုမလုပ်ပဲနဲ့ တစ်ပြိုင်နက် ဖမ်းဆီးပြီးတော့မှ စစ်မှု ထမ်းခိုင်းခြင်းဟာ ဒါက အတင်းအဓမ္မ စစ်သားစုဆောင်းရာ ရောက်တာပေါ့။ ဒါက စစ်မှုထမ်းခြင်း ဥပဒေနဲ့ သွေ ဖယ်တာပေါ့နော်။ အဲဒီ အတွက်ကြောင့်မို့လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာက ဒီစစ်ကောင်စီရဲ့ လုပ် ရပ်ကို ပိုပြီးတော့မှ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာ ဖြစ်တာပေါ့နော်။

ထိုင်းဖက်က မြန်မာဖက်ကို ပြန်လွှဲပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား အများကြီးထဲက  ၂၇ ဦးသာ စစ်ကောင်စီ လက်မှ လွတ်မြောက်ခဲ့ကြသော်လည်း ကျန်ငါးဖမ်းလှေများပေါ်တွင် ပါသွားသူများမှာမူ စစ်ကောင်စီ၏ စစ်မှုထမ်း သင်တန်းကို ပါသွားခဲ့သည်။ သို့သော် အရေအတွက် အတိအကျကိုမူ မသိရသေးပေ။

Photo – Thairat