စွပ်စွဲခံရသူ ရဲတပ်ကြပ်ကြီးက စစ်ဆေးရေး အရာရှိများအား ဓါးဖြင့်ထိုး၊ တစ်ဦးသေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ရခိုင်ကို စက်သုံးဆီခိုးသွင်းနေသည်ဟု တိုင်ကြားခံရသည့် ပုသိမ်မှ ရဲတပ်ကြပ်ကြီးက စစ်ဆေးရေး ရဲအရာရှိ များအား ဓားဖြင့်ထိုးခဲ့ရာ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရဲသတင်းတပ်ဖွဲ့ရုံးတွင် ရခိုင်ပြည်နယ်သို့ စက်သုံးဆီ ခိုးသွင်းခြင်းနှင့် ဌာနဆိုင်ရာ သတင်းများ ပေါက်ကြားမှုတို့ဖြင့် တိုင်ကြားခံရပြီး စစ်ဆေးခံနေရသည့် ရဲတပ်ကြပ်ကြီးမင်းမင်းက စစ်ဆေးရေး ရဲအရာရှိများအား ဓားဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် နီးစပ်သူတစ်ဦးက “စစ်ဆေးရေးအရာရှိတွေ အိပ်နေချိန် မီးဖိုချောင်သုံးဓားနဲ့ ထိုး တာ အချင်းချင်းတွေ ဆိုတော့ ချုပ်နှောင်ထားတာ မဟုတ်ဘူး။ ဖိအားပေး အစစ်ခံရတယ် ဆိုပြီး လုပ်တာ ဖြစ်မယ်” ဟု ပြောသည်။
ပုသိမ်မြို့၊ အမှတ်(၅) ရပ်ကွက်ရှိ ရဲသတင်းတပ်ဖွဲ့ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၄ နာရီ အချိန်ခန့် တွင် နေပြည်တော်မှ စစ်ဆေးရေးအရာရှိများ ဖြစ်ကြသည့် ဒုရဲမှူးကြီး အောင်နေလင်း၊ ဒုရဲမှူး ဇော်မင်း၊ ဒုရဲမှူး အောင်ကိုမင်းတို့ကို ဓားဖြင့်ထိုးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတပ်ဖွဲ့နှင့်နီးစပ်သူများကပြောသည်။
ဒုရဲမှူး အောင်ကိုမင်းမှာ လည်ပင်းတွင် ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း ဒုရဲမှူးကြီး အောင်နေလင်းမှာ ဗိုက်ပွင့်ထွက် ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒုရဲမှူး ဇော်မင်းမှာမူ ဗိုက်တွင် ရှပ်ထိဒဏ်ရာ၊ ပေါင်တွင် ထိုးသွင်းဒဏ်ရာ များ ရရှိခဲ့သည်။
ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက “ဗိုက်ပွင့်ထွက်သွားတဲ့ အရာရှိလည်း အခုတော့ အခြေအနေ ကောင်းပါတယ်။ ဟိုတစ်ယောက်ကတော့ သိပ်ကြီးတဲ့ ဒဏ်ရာမဟုတ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု ပြောသည်။
စစ်ဆေးရေး အရာရှိ ၃ ဦးကို ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားသော ရဲတပ်ကြပ်ကြီးမင်းမင်းသည် ညနေပိုင်းတွင် သတင်းတပ်ဖွဲ့သို့ လာရောက်ပြီး ပြန်လည်အဖမ်းခံခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ပုသိမ်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက “သူ (ရဲတပ်ကြပ်ကြီးမင်းမင်း) က ပုသိမ်မှာကြာပြီ။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး သမားတွေ ဖဲဝိုင်းကြီးတွေ၊ ဂျင်ဝိုင်းတွေ၊ သစ်သမားတွေ ဥပဒေနဲ့ မလွှတ်တာ လုပ်စားတဲ့ စီးပွားရေးသမားတွေကို ချုပ် ထားတာ နာမည်ကြီးပဲ”ဟု ပြောသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်သို့ ကုန်စည်အမျိုးမျိုး ပို့ဆောင်နေသည်ကို ကန့်သတ်ထားရာ ကုန်သည်များ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များမှာ ၎င်းထံ လာဘ်ငွေပေး၍ ကားပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်းတန်ဖိုးကို တွက်ချက်ပြီး လမ်းကြောင်းရှင်းကာ ပို့ဆောင်နေကြခြင်း ဖြစ်သည်။
တပ်ကြပ်ကြီးမင်းမင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကလည်း “အာဏာသိမ်းပြီးတဲ့နောက် ပါဂျဲရိုးစီးတာ၊ တော်လှန် ရေးသမားတွေကို ဖမ်းဆီးတာ၊ ထောက်ပို့တွေဆိုပြီး ဖမ်းဆီးငွေညစ်တာတွေကို ပျော်ပျော်ကြီး လုပ်ခဲ့တာပေါ့ ရာမညမှာ တိုက်ခန်း ၁၁ ခန်းရှိတယ်။ ငှားစားထားတာ တက္ကသိုလ်နားမှာ အဆောင်ငှားစားဖို့ ဆောက်လက်စ တိုက်ရှိတယ်”ဟု ပြောသည်။
ရဲတပ်ကြပ်ကြီးမင်းမင်းသည် တိုင်းအတွင်းမှ ရဲတပ်ဖွဲ့ဝင်များအား ရခိုင်သို့ စေလွှတ်မည့် သတင်းပေါက်ကြားမှု၊ ရခိုင်ပြည်နယ်သို့ စက်သုံးဆီများ ပို့ဆောင်နေသည် ဆိုသော တိုင်ကြားချက်များနှင့် စစ်ဆေးခံနေရခြင်း ဖြစ်ပြီး ၎င်းနှင့်အတူ တိုင်ကြားခံထားရသည့် ရဲတပ်ကြပ် ဇော်ကြီးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။