ရခိုင်၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ ရက်အတွင်း အရပ်သား ၇ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့် သမိုင်း ဝင် ဘုန်းကြီးကျောင်းများကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ ရက်အတွင်း အပြစ်မဲ့ အရပ်သား ၇ ဦး သေဆုံးသွားကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက်အထိ ဂျက်တိုက်လေယာဉ်များနှင့် အသေခံဒရုန်းများ (Suicide Drones) အသုံးပြုကာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်၊ ဈေးဆိုင်များ နှင့် ဘာသာရေး အဆောက်အအုံများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ရခိုင်ပြည်မြောက်ပိုင်း ဒေသခံတစ်ဦးက ရခိုင်ပြည်ကို မြောက်ပိုင်း၊ တောင်ပိုင်းအပြင် ပလက်ဝကိုပါ ဗုံးကြဲနေ တာပါ။ ပြည်သူတွေ ဘယ်လိုနေရမလဲ ဗုံးခိုကျင်းထဲက မထွက်ရပါဘူး ဘုရားပုထိုးတွေ ပျက်စီးတယ် စား ဝတ်နေရေး အဆင်မပြေဖြစ်တယ်။ ဆေးကုသတာမှာ ဆေးဝါးလိုအပ်ချက်တွေရှိတယ်။ ဒီလိုအခက်အခဲတွေ ကြားမှာ ရခိုင်လူထု အသက်ရှင်ဖို့ပါ ခက်ခဲလာတယ်၊ မိသားစုတွေ တကွဲတပြားနဲ့ ဒုက္ခတွေလည်း များပါတယ် ဟု ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရား တည်ရှိရာ တောင်ခြေရင်း ကြိုးတံတားအနီး ဝန်းကျင်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ၃ ကြိမ်တိုင် ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်းကျေးရွာမှ ဒေါ်စိုးစိုး မှာ မျက်နှာတွင် ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီး မဖြူဖွေး (၉ နှစ်) နှင့် ဒေါ်ကျော့စိန် (၇၁ နှစ်) တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ပုဏ္ဏားကျွန်းမြို့သို့ အလည်ရောက်ရှိနေသည့် ရသေ့တောင်မြို့မှ ဦးမိုးမိုး နှင့် ဦးအောင်ဝင်းမောင်တို့လည်း ဒဏ်ရာရရှိခဲ့ကာ ဦးမိုးမိုးမှာ ပြင်းထန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဂူဝဘုရားကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဘုရားဆင်းတုတော်များ ပျက်စီးခဲ့ရသေးသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ ၃၆ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုတပ်က အသေခံဒရုန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် သားအမိနှစ်ဦး ဖြစ်သည့် ဒေါ်လှသန်းယဉ်နှင့် သမီးဖြစ်သူ ဦးသန်းခင်တို့ ဗုံးစထိမှန်ခဲ့ပြီး ဒေါ်လှသန်းယဉ်မှာ ဒဏ်ရာပြင်းထန် သဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တောင်ကုတ်မြို့နယ် ရွာသစ်ကေကျေးရွာကို လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခဲ့ရာ ဦးတင်မောင် (၅၉ နှစ်) မှာ ဦးခေါင်းကို ဗုံးစထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးမြင့်ရွှေ (၆၇ နှစ်) ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ပျက်စီးသွားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၁) နှင့် (၂) ရပ်ကွက်သို့ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့သဖြင့် အမှတ် (၁) ရပ်ကွက်မှ ဦးကျော်ခင် (၈၅ နှစ်) မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အမှတ် (၂) ရပ်ကွက်မှ ဦးချစ်ဆန်းမောင် (၅၅ နှစ်) ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ချင်းပြည် (ရခိုင်ဒေသစပ်) ဆမီးမြို့နယ်၊ ဘွေလီ ကျေးရွာအနီးကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သားများ၏ နေအိမ်၊ ဈေးဆိုင်များနှင့် မော်တော် ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ရသည်။

စစ်အုပ်စုတပ်သည် အာရက္ခဒေသအတွင်း စစ်ရေးပစ်မှတ် မဟုတ်သော အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင် ရာ နေရာများကို နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ မြင့်တက်လျက်ရှိသည်။

ဓာတ်ပုံ – (လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA)