ဗန်းမော်၌ စစ်သင်္ဘောများ ထပ်မံတိုက်ခိုက်ခံရပြီး ၂ ရက်အတွင်း ၅ စီးထက်မနည်း နစ်မြုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

ကချင်ပြည်၊ ဗန်းမော်မြို့မှ ဧရာဝတီမြစ်အတိုင်း ပြန်လည်စုန်ဆင်းလာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော ရေ ယာဉ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စက်တင် ဘာလ ၁၃ ရက်နှင့် ၁၄ ရက်အတွင်း စစ်သင်္ဘော ၅ စီးထက်မနည်း ထပ်မံ နစ်မြုပ် မီးလောင်ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗန်းမော်မြို့မှ စုန်ဆင်းလာသည့် စစ်အုပ်စု စစ်သင်္ဘော ၆ စီးကို စင်းခန်း၊ ဇင်းဘုံ၊ စာဝတီနှင့် မြလယ်ကျေးရွာ ဝန်းကျင်တို့၌ KIA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သင်္ဘော ၄ စီး နစ်မြုပ်ပြီး ညနေပိုင်းအထိ ရေယာဉ်အချို့ မီးလောင်ခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၁၄ ရက် ယနေ့နံနက်ပိုင်းတွင်လည်း တိုက်ခိုက်ခံရ၍ စက်ပျက်မျောလာသည့် တခြား စစ်သင်္ဘော ၁ စီးပါ ထပ်မံ ထိမှန်နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက မနေ့က တိုက်ခိုက်ခံရလို့ စက်ပျက်ပြီး မျောလာတဲ့ သင်္ဘောတစ်စီး ဟာ ဒီနေ့ စက်တင်ဘာလ ၁၄ ရက် မနက်မှာ ထပ်မံ ထိမှန်ပြီး မီးလောင်သွားတယ်။ ပြီးတော့ ရေထဲကို နစ်ဝင်သွားတာ ဖြစ်ပါတယ်။ စင်းခန်းနားမှာလည်း တိုက်ပွဲက နေ့တိုင်းရှိတယ် ဟု ပြောသည်။

စစ်အုပ်စုတပ်သည် မြို့သိမ်းတိုက်ပွဲများနှင့် ရင်ဆိုင်နေရသည့် ဗန်းမော်မြို့သို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခ ာများ ဖြည့်တင်းရန် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်စုကို ဩဂုတ်လ နောက်ဆုံးပတ်တွင် ၁၅ စီး၊ စက်တင်ဘာလ ဒုတိယပတ်တွင် ၆ စီး စုစုပေါင်း ၂ ကြိမ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်အောက် လက်ပံတန်းရွာအနီးမှာ တိုက်ခိုက်ခံရလို့ မီးလောင်နေတဲ့ စစ်တပ်သင်္ဘောရဲ့ ရုပ်သံမှတ်တမ်းတွေလည်း ရှိပါတယ်။ စစ်တပ်က အရပ်သား သင်္ဘောတွေ ကိုပါ ချောဆွဲပြီး စစ်ကူနဲ့ လက်နက်ခဲယမ်း ရိက္ခာတွေ သယ်ခိုင်းခဲ့တာမို့ ပျက်စီးသွားတဲ့ အထဲမှာ အရပ်သား ရေယာဉ်ချို့လည်း ပါဝင်နေပါတယ် ဟု ပြောသည်။

သို့သော် ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ဗန်းမော်-ရွှေကူ မြစ်ကြောင်းတစ်လျှောက် KIA ပူးပေါင်းတပ်များ၏ ပိတ်ဆို့ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော၊ တွန်းသင်္ဘောနှင့် သံခွန်သင်္ဘော စုစုပေါင်း ၂၀ စီးထက်မနည်း နစ်မြုပ်ပျက်စီးခဲ့သည်ဟု မြေပြင်သတင်းရင်းအချို့က ပြောသည်။

ထိုကဲ့သို့ ရေကြောင်း တိုက်ခိုက်ခံရမှုများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ သေဆုံး ထိခိုက်မှု များပြားခဲ့သည့် အပြင် ရေထဲသို့ ခုန်ချမျောပါသွားသူများ၊ လက်နက်ချ ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။

KIO/KIA ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂ ရက်နေ့ ရေကြောင်းတိုက်ပွဲတစ်ခုတည်း၌ပင် စစ်အုပ်စုတပ် ဘက်မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၁၈ ဦးနှင့် မိသားစုဝင်၊ အရပ်သားများအပါအဝင် စုစုပေါင်း ၁၅၀ ကျော် လက်နက်ချခဲ့သည်။

မြစ်ကြောင်းအတွင်း ရေယာဉ်စုများ ဆက်တိုက် တိုက်ခိုက်ခံနေရသဖြင့် စစ်အုပ်စုတပ်က ရွှေကူ၊ စင်းခန်းနှင့် ဗန်းမော် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လေကြောင်းမှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စာဝတီနှင့် ကောင်းတုံကျေးရွာတို့တွင် လူနေအိမ်များ မီးလောင် ပျက်စီးခဲ့ရသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ် စင်းခန်းဒေသနှင့် မြစ်ကြောင်း ဝန်းကျင်၌ KIA ပူးပေါင်းတပ်များနှင့် စစ်အုပ်စုတပ် တို့အကြား မြေပြင်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ဓာတ်ပုံ – (ဗန်းမော်-ရွှေကူ မြစ်ကြောင်းအတွင်း တိုက်ခိုက်ခံရ၍ မီးလောင်နေသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောတစ်စီး / Crd)