ထိုင်းရောက် မြန်မာများ ၉၀ ရက်တာ ဝတ်စားဆင်ယင်မှု အထူးသတိပြုရန် သတိပေးချက်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် ဝတ်စား ဆင်ယင်မှုကို အထူးသတိပြုရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ထိုင်းဘုရင်မင်းမြတ်ကြီး၏ မယ်တော်ကြီးဖြစ်သူ၊ မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက်နေ့၊ ညပိုင်းက နတ်ရွာစံ ကံတော်ကုန်ခဲ့ပြီ ဖြစ်ကြောင်း တော်ဝင်အိမ်တော်ရုံးဗျူရိုက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အဖြစ်အပျက်ကြောင့် ထိုင်းအစိုးရအဖွဲ့သည် ဝမ်းနည်းခြင်း အထိမ်းအမှတ် အစီအစဉ်များကို ကြေညာ ခဲ့သည်။
အစိုးရရုံးများတွင် ရက် ၃၀ တိတိ နိုင်ငံတော်အလံကို တစ်ဝက်တိုင် လျှော့ချလွှင့်တင်မည်ဖြစ်ပြီး၊ အစိုးရ ဝန်ထမ်းနှင့် အရာရှိများသည် တစ်နှစ်တာလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံ ဝတ်ဆင်ရမည် ဖြစ်သည်။
ထိုင်းအစိုးရက ပြည်သူအားလုံးကို ယနေ့မှစ၍ ရက် ၉၀ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ ဝတ်ဆင်ရန် မေတ္တာရပ်ခံထားသည်။
ထို့အပြင် ဖျော်ဖြေရေးနေရာများဖြစ်သည့် ကာလာအိုကေဆိုင်၊ အရက်ဘီယာဆိုင်နှင့် ပွဲလမ်းသဘင် စသည့် ဖျော်ဖြေရေးလုပ်ငန်းများကိုလည်း ရက် ၃၀ အတွင်း အခြေအနေအရ ရပ်ဆိုင်းရန် သို့မဟုတ် လျှော့ချရန် မေတ္တာရပ်ခံထားသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာပြည်သူများအနေဖြင့် ရက် ၉၀ တိတိ ဝတ်စားဆင်ယင်မှုကို အထူးဂရုပြုကာ၊ ဒေသဓလေ့ထုံးတမ်းနှင့် အစိုးရ၏ မေတ္တာရပ်ခံချက်များကို လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။