စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဗျူဟာနှင့် ကုလသမဂ္ဂ သံအမတ် ရာထူးတိုက်ပွဲ
ပီတာ ရေးသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။
ကုလသမဂ္ဂဆိုင်ရာ သံအမတ်ရာထူးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြု ရုံ သာမက နိုင်ငံတကာအကူအညီများ ရရှိရေး၊ တရားဥပဒေဆိုင်ရာ ရပ်တည်နိုင်ခွင့်နှင့် ကမ္ဘာ့သံတမန် ဆက်ဆံရေးတို့ အတွက်ပါ အဆုံးအဖြတ်ပေးနိုင်သည်။
စစ်ကော်မရှင်မှ ဦးဆောင်ကျင်းပရန် စီစဉ်နေသည့် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲသာ ဖြစ်မြောက် သွားပါက လာမည့်နှစ် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်နေရာအတွက် စိန်ခေါ်မှုများ ပိုမိုမြင့်မားလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

ထိုရွေးကောက်ပွဲကို အသုံးချကာ နိုင်ငံတကာ အသိအမှတ်ပြုမှုရယူ၍ ကုလသမဂ္ဂဆိုင်ရာ သံအမတ်နေရာကို ပြန်လည်ရယူရန် ကြိုးပမ်းလိမ့်မည်ဟု Progressive Voice ၏ တည်ထောင်သူနှင့် အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။
ဒေါ်ခင်ဥမ္မာက “စစ်အုပ်စုရဲ့ အဓိကဗျူဟာက သူတို့ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကနေ အရပ်သား အစိုးရ ဟန်ပြတစ်ခုကို ဖန်တီးပြီး အဲ့ဒီကနေတစ်ဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုးစားမှာပဲ” ဟု ပြောသည်။
ဤသည်မှာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ပြန်လည်ရယူရန် ယခင်က အသုံးပြုခဲ့သော နည်းလမ်းဟောင်းကို ပြန်လည်အသုံးချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း (ND-Burma) ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောသည်။
“ကျမတို့ ၂၀၁၁ မှာလည်း အတွေ့အကြုံ ရှိပြီးလေနော်။ ဒီ constitution ကို သူတို့ referendum လုပ်တုန်းက လည်း ၂၀၀၈ ပေါ့နော်။ နာဂစ်မုန်တိုင်း ဝင်တဲ့အချိန်မှာ သူတို့ constitution referendum လုပ်ပြီးမှ၊ ဟုတ်ပါ တယ် ဒီ constitution က ပြည်သူတွေ အကုန်ထောက်ခံပါတယ် ဆိုတဲ့ဟာမျိုးကို သူတို့လုပ်ခဲ့တဲ့ အတွေ့အကြုံ လည်း ရှိတယ်။ ဒါကထပ်ပြီးမှ လုပ်မယ့် သူတို့ရဲ့ အစီအစဉ် ဖြစ်တယ်။”

ထို့အပြင် စစ်ကော်မရှင်က ၎င်းတို့သည် လက်ရှိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် အုပ်ချုပ်ရေးယန္တရားကို အမှန်တကယ် ထိန်းချုပ်ထားသူများ ဖြစ်သည်ဟု နိုင်ငံတကာသို့ တင်ပြကာ ၎င်းတို့၏ တရားဝင်မှုကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။
၎င်းတို့သည် ဒေါ်အောင်ဆန်း စုကြည် လက်ထက်က ခန့်အပ်ထားသော ကုလသမဂ္ဂ သံအမတ် ဦးကျော်မိုးထွန်းကို ဖယ်ရှားပြီး ၎င်းတို့ဘက်မှ ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ရန် တရားဝင် ယုံကြည်လွှာ (Credential Letters) တင်သွင်းရန် ဆက်လက် ကြိုးပမ်းနေပါသည်။
ပြည်သူ့အချုပ်အခြာအာဏာ၏ သင်္ကေတ၊ သံအမတ် ဦးကျော်မိုးထွန်း
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တာဝန်ထမ်းဆောင်လျက်ရှိသည်။
အာဏာသိမ်းမှု ဖြစ်ပွားပြီး မကြာမီတွင် ၎င်းသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ စစ်ကော်မရှင်ကို ဆန့်ကျင် ကြောင်း လက်သုံးချောင်း ထောင်၍ လူသိရှင်ကြား ကြေညာခဲ့သည့်အပြင် တရားဝင် ရွေးကောက်ခံ ထားရသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကိုသာ ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။
စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ အထောက်အထား စာတမ်း စစ်ဆေးရေး ကော်မတီ (Credential Committee) က စစ်ကော်မရှင်၏ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာပြည်သူများ ၏ ကိုယ်စားပြုခွင့် ဆက်လက်ပေးထားခဲ့သည်။
ဦးကျော်မိုးထွန်းသည် နိုင်ငံတကာမှ လစ်လျူရှု မထားစေရန် မြန်မာ့အရေးကို တင်ပြခြင်း၊ စစ်ကော်မရှင်၏ ရက်စက် ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို အခိုင်အမာ ဖော်ထုတ်ခြင်း၊ အမျိုးသား ညီညွတ်ရေ းအစိုးရ (NUG) အတွက် နိုင်ငံတကာ သံတမန်ရေး ကွန်ရက်များ ဖော်ဆောင်ပေးခြင်းနှင့် စစ်ကော်မရှင်၏ တရားဝင်မှုကို ဟန့်တားခြင်း စသည့် အရေးပါသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်သူ များက ဆိုသည်။

ထို့ကြောင့် ဦးကျော်မိုးထွန်း၏ ရပ်တည်ချက်သည် မြန်မာပြည်သူများ အတွက် အလွန်အရေးပါကြောင်း လူ့အခွင့် အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ် က အလေးထား ပြောကြားခဲ့သည်။
“ကျမတို့ရဲ့ အသံ၊ ကျမတို့ရဲ့ ဒီတော်လှန်ရေး အဖွဲ့အစည်းတွေအတွက် သူက ရပ်တည်တဲ့လူ ဖြစ်တဲ့ အတွက် ကြောင့်မို့လို့ သူဆက်ရှိသင့်တယ်” ဟု သူက ဆိုသည်။
အလားတူ Progressive Voice ၏ တည်ထောင်သူနှင့် အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း ဦးကျော်မိုးထွန်း၏ အခန်းကဏ္ဍသည် ပြည်သူ့ အချုပ်အခြာ အာဏာ၏ သင်္ကေတ တစ်ခုဖြစ်ကြောင်း ပြောသည်။
“တိုင်းပြည်ကို ကိုယ်စားပြုခွင့်ဆိုတဲ့ ခုံမှာ ဦးကျော်မိုးထွန်းက ပြည်သူကို ကိုယ်စားပြု၊ တိုင်းပြည်ကို ကိုယ် စားပြု ထိုင်ခွင့်ရနေခြင်းက ကျမတို့ ပြည်သူတွေရဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိနေတယ်ဆိုတဲ့ ဥစ္စာကို ကျမတို့က ဒါလုံးဝ ခိုင်ခိုင်မာမာ ယုံကြည်ခွင့်ရမယ်” ဟု ရှင်းပြခဲ့သည်။

စစ်ကော်မရှင်က သံအမတ်ဦးကျော်မိုးထွန်းအား ‘တရားမဝင် အဖွဲ့အစည်း၏ ကိုယ်စားလှယ်’ အဖြစ် သတ်မှတ် ကာ ဖယ်ရှားရန် ကြိုးပမ်းနေသည်။
ကုလသမဂ္ဂတွင် တရားဝင် ကိုယ်စားလှယ်နေရာ ရရှိခြင်း မရှိသေးသောကြောင့် စစ်ကော်မရှင် အနေဖြင့် နိုင်ငံ တကာ အသိုင်းအဝိုင်းနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရန်နှင့် နိုင်ငံတကာ အကူအညီများ ရယူရန် အခက်အခဲများ စွာ ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။
အမေရိကန်၊ ဥရောပသမဂ္ဂ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲ အပေါ် တရားဝင် စောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုလုပ်တော့ကြောင်း ထုတ်ပြန် ကြေညာထားပြီး၊ ရွေးကောက်ပွဲကို လက်ခံမည် မဟုတ်ကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ထားသည်။
CC ဆုံးဖြတ်ချက် – ရုရှား/တရုတ်၏ ဩဇာနှင့် နိုင်ငံရေးအပေးအယူများ
သံအမတ် နေရာကို အဆုံးအဖြတ် ပေးနိုင်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ်များ အထောက်အထား စာတမ်း စစ်ဆေးရေး ကော်မတီ (Credential Committee) အဖွဲ့ဝင် (၉) နိုင်ငံပါဝင်သည်။
အဆိုပါ (၉) နိုင်ငံအတွင်း၌ စစ်ကော်မရှင်နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး ရွေးကောက်ပွဲကို ထောက်ခံသည့် ရုရှားနှင့် တရုတ် နိုင်ငံတို့လည်း ပါဝင်နေသည်။
ရုရှားနှင့် တရုတ်သည် ကော်မတီ၏ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း၊ ၎င်းတို့၏ နိုင်ငံရေး ဩဇာကို အသုံးပြု၍ သံအမတ်နေရာအတွက် ဆုံးဖြတ်ချက်ကို နှောင့်နှေးသွားအောင် လုပ်ဆောင်နိုင် စွမ်းရှိသည်။

ထိုမျှသာမက အခြားသော ကော်မတီ အဖွဲ့ဝင်များ အပေါ်လည်း လွှမ်းမိုးနိုင်ခြေရှိသည်ဟု ဒေါ်ခင်ဥမ္မာက သုံးသပ်သည်။
“ဒီ ကိုးနိုင်ငံထဲမှာ တရုတ်လည်း ပါတယ်။ ရုရှားလည်း ပါတယ်လေနော်။ အဲ့တော့ ဦးကျော်မိုးထွန်း ဆက်ပြီး တော့မှ တိုင်းပြည် ကိုယ်စားပြုခွင့် ရှိနေတဲ့ နေရာကိုတော့ စစ်အုပ်စု က လွှတ်လာမယ့်သူကို သူတို့နေရာ ပေးနိုင်ဖို့အတွက်ကို နေရာရနိုင်ဖို့အတွက်ကိုတော့ သူတို့ကြိုးစားမှာပဲလေ။”
Credential Committee (CC) အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ယခု ၂၀၂၅ ခုနှစ် နိုဝင်ဘာ/ဒီဇင်ဘာလများတွင် သက်တမ်းကုန်ဆုံးမည့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နေရာအတွက် စိစစ် အတည်ပြုရန် ဆုံးဖြတ်ချက် ချမှတ် မည် ဖြစ်သည်။
ထို့ကြောင့် ယခုနှစ်အတွက်လည်း (Credential Committee) အဖွဲ့ဝင် နိုင်ငံများ၏ ဆုံးဖြတ်ချက်ပေါ် ဂရုစိုက် စောင့်ကြည့်သွားရမည်ဟု ဦးကျော်မိုးထွန်းက စက်တင်ဘာ ၂၄ ရက်နေ့တွင် PPTV နှင့် ပြုလုပ်သော အင်တာဗျူး ကဏ္ဍတွင် ပြောကြားခဲ့သည်။
“အရင်နှစ်တွေက (Credential Committee) ဆုံးဖြတ်ချက်ကို ကြည့်ရင် ဒီဆုံးဖြတ်ချက်တွေက အချိန်မရွေး ပြန်ဆွေးနွေးလို့ ရတယ်ဆိုတဲ့ ပုံစံမျိုးလေးကို ဖော်ပြထားတဲ့ အတွက်ကြောင့်လည်းပေါ့နော် ကျနော်တို့တွေ အနေနဲ့တော့ ဒါအမြဲတမ်း ဂရုစိုက်ပြီးတော့ စောင့်ကြည့်သွားဖို့တော့ လိုပါတယ်။”

လာမည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရ၏ အမြဲတမ်း ကိုယ်စားလှယ်နေရာ အတွက် ဆုံးဖြတ်ချက်ချရာတွင် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်မည့်နိုင်ငံ (၉) နိုင်ငံမှာ ဘဟားမားစ် (Bahamas)၊ ချီလီ (Chile)၊ တရုတ် (China)၊ နမီးဘီးယား (Namibia)၊ ပါလောင်း (Palau) ၊ ရုရှား (Russian Federation)၊ ဆီယာရာလီယွန် (Sierra Leone) ၊ ဆွီဒင် (Sweden)၊ အမေရိကန်ပြည်ထောင်စု (United States of America) တို့ဖြစ်ကြသည်။
စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မတီအဖွဲ့ဝင် နိုင်ငံတွင် ပါဝင်သော နှစ်နိုင်ငံ ဖြစ်သည့် ရုရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်ကာ ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားသည်။
ရွေးကောက်ပွဲ နောက်ကွယ်မှ လူ့အခွင့်အရေးနှင့် စစ်ရာဇဝတ်မှုများ
ဤအခြေအနေများကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် နေရာသည် ယခင်နှစ်များထက် ပို၍ စိန်ခေါ်မှု ကြီးလာသည်။
စစ်ကော်မရှင်ဘက်မှ သံအမတ်နေရာအား ရယူသွားနိုင်ပါက “စစ်အုပ်စုကိုပဲ ကိုယ်စားပြုမယ်၊ စစ်အုပ်စုကို အကျိုးပြုမယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာ မဟုတ်ပါဘူးဆိုပြီး ကာပြောမယ်” ဟု ဒေါ်ခင်ဥမ္မာ က ပြောသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာ နိုင်အဲမွန်ကလည်း “ရွေးကောက်ပွဲအလွန်ဆိုရင် ဒီထက်ဆိုးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒီထက်ဆိုးရွားတဲ့ ဥပဒေတွေနဲ့ ဒီတိုင်းပြည်က ဆက်ပြီးသွားရ မယ့် ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ လက်သင့်ခံလို့ ရမယ့် အခင်းအကျင်း မဟုတ်ဘူး” ဟု ပြောသည်။

အောက်တိုဘာ ၆ ရက်နေ့တွင် ပြုလုပ်သော ကုလသမဂ္ဂ အစည်းအဝေး၌ သံအမတ် ဦးကျော်မိုးထွန်းက စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် ပြည်သူများ၏ အသံကို ကိုယ်စားပြုမည် မဟုတ်ဘဲ စစ်တပ်အား ပြည်သူ များ အပေါ် လူမဆန်သည့် ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်စေနိုင်မည့် လိုင်စင်ကိုသာ ပေးအပ်ရာ ရောက်မည်ဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင်၊ ရွေးကောက်ပွဲကို ဆန့်ကျင်သော ပြည်သူ့ သပိတ်မှောက် လှုပ်ရှားမှုများ၊ မဲပေးမှုနှင့် ရွေးကောက်ပွဲ ယန္တရားကို နှောင့်ယှက်သည့် လုပ်ရပ်များစွာကို တော်လှန်ရေး အင်အားစုများမှ ပြုလုပ်ခဲ့ပြီး၊ ရွေးကောက်ပွဲကို တရားဝင်မှု မရှိကြောင်း ပြည်တွင်းမှပါ ဖော်ထုတ်ခဲ့ကြသည်။
စိန်ခေါ်မှုများအား တုံ့ပြန်ခြင်းနှင့် ရှေ့ဆက်ရန်
စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲမှ တဆင့် နိုင်ငံတကာထံမှ တရားဝင်မှု ပြန်လည် ရရှိရန် ကြိုးပမ်းနေမှုများကို သက်ဆိုင်သည့် အဖွဲ့အစည်းများမှ ညီညွတ်စွာဖြင့် တုန့်ပြန်ရန် လိုအပ်သည်ဟု ဒေါ်ခင်ဥမ္မာက အကြံပြုထားသည်။
“NUG အပါအဝင်က နိုင်ငံတကာကို သူတို့ဆက်ပြီး တင်ပြနေမယ်။ ပြီးသွားရင် တော်လှန်ရေး အင်အားစုတွေ ကလည်း ကိုယ်လုပ်စရာ ရှိတာကို ကိုယ် ဒီထက်ပိုပြီးတော့မှ အားကောင်းစွာနဲ့ ပိုပြီးတော့မှ လုပ်နိုင်ကြမယ် ဆိုရင် ကျမထင်တယ် ဒီကိစ္စတွေက ကျမတို့ လောလောဆယ် စိတ်တော့ စိတ်ပူကြရမယ်၊ ပြင်ဆင်ကြရမယ်၊ တိုင်ပင်ကြရမယ်၊ ကာကွယ်ကြရမယ်။ ဒါပေမဲ့ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ကျမတို့ ဒီစစ်အုပ်စုကို ကြောက်စရာ မလိုဘူးဆိုတာကိုတော့ ကျမ ပြောချင် တယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က လည်း အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်သော နိုင်ငံတကာနှင့် ပြည်သူလူထုများအား သတင်းစကား ပြောကြားခြင်း အစီအစဉ် တွင် ပြည်သူများ၏ အသံကို ဆက်လက်ဖော်ထုတ်ခွင့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ရပ်တည်ခွင့်ပေးရန် (Credential Committee) အဖွဲ့ဝင်နိုင်ငံများကို ထည့်သွင်း တောင်းဆိုထားသည်။
ဦးနေဘုန်းလတ်က “ကုလသမဂ္ဂလို နေရာမှာ လူထုထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း မြန်မာနိုင်ငံကို ကိုယ်စားပြု ရှိနေခြင်းဟာ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူလူထုအတွက် အလွန် အရေးကြီးလှပါတယ်။ သံအမတ် ကြီး ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုခွင့်ကို ဆက်လက် ထောက်ခံပေးကြဖို့လည်း Credential Committee ဝင်နိုင်ငံများကို မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

စစ်ကော်မရှင်သည် ယခုနှစ်ကုန်တွင် ကျင်းပမည်ဟုကြွေးကြော်ထားသော ရွေးကောက်ပွဲမှတဆင့် ကုလသမဂ္ဂမှ တဆင့် နိုင်ငံတကာတွင် တရားဝင်မှုကို ပြန်လည်ရယူရန် ကြိုးပမ်းနေသည်။
ထိုကြိုးပမ်းမှုများသည် နိုင်ငံရေး ထွက်ပေါက် တစ်ခုတည်း မဟုတ်ဘဲ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ တရားရုံးများတွင် တရားစွဲဆို ခံရခြင်းမှ ကာကွယ်ရန်အပြင် စစ်အာဏာရှင် စနစ်ကိုပါ ထပ်မံ ထိန်းချုပ်သွားနိုင်ရန် ရည်ရွယ်သည်ဟု ကျွမ်းကျင် သူများမှ သုံးသပ်ကြသည်။
ယင်းအခြေအနေများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် နေရာသည် ယခင်နှစ်များကထက် နိုင်ငံရေးအရ ပိုမိုပြင်းထန်သော စိန်ခေါ်မှုကို ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတကာရေးရာ လေ့လာသူများက သုံးသပ်ထားကြသည်။