တိုက်ပွဲပြင်းထန်ရာ ဒေသများတွင် Spy Balloon များဖြင့် ထောက်လှမ်းနေဟု MDSI သတိပေး

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။

မြန်မာနိုင်ငံ၏ စစ်ရေးပဋိပက္ခ ပြင်းထန်ရာဒေသများတွင် သူလျှိုပူပေါင်း (Spy Balloon) များ အသုံးပြု၍ ထောက်လှမ်းနေသည်ကို မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ ပူပေါင်းများကို ၂၀၂၂ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့ပြီး၊ လက်ရှိတွင် နယ်စပ်ဒေသများနှင့် ကရင်နီ၊ ကချင်၊ ရှမ်း၊ ကရင်နှင့် ရခိုင်ပြည် စသည့် တိုက်ပွဲပြင်းထန်ရာ ဒေသများတွင် ပေ ၆၀,၀၀၀ အထက် အမြင့်မှ ပျံသန်းနေသည်ကို သတိပြုရမည်ဟု ဆိုသည်။

ပူပေါင်းများ၏ အန္တရာယ်မှာ GPS အချက်ပြမှုများ၊ စစ်လက်နက်ပစ္စည်းများ၏ သတင်းအချက်အလက် အားလုံး ကို ခိုးယူနိုင်ခြင်း၊ Drone များနှင့် Wi-Fi ဆက်သွယ်မှုများကို ချိတ်ဆက်ကာ လေထဲမှ ထောက်လှမ်းခြင်း (Air Threat) တို့ကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် MDSI က ပြည်သူများကို အချက် သုံးချက် အလေးထား ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

နံပါတ် တစ် အနေဖြင့် စောင့်ကြည့် သတင်းပို့ရန်၊ သံသယဖြစ်ဖွယ် အရာဝတ္ထုတွေ့ရှိပါက သတင်းပေးပို့ရန် ဖြစ်သည်။

နံပါတ် နှစ် အချက်မှာ ဖုံးကွယ် ကာကွယ်ရန်၊ စစ်စခန်းများနှင့် အရေးကြီးနေရာများကို အနီအောက်ရောင်ခြည် ခံနိုင်ရည်ရှိသည့် ပစ္စည်းများဖြင့် ဖုံးကွယ်ရန် တိုက်တွန်းထားသည်။

အချက် သုံးမှာ တန်ပြန်ဆောင်ရွက်ရန်၊ လိုအပ်ပါက ပစ်ခတ်ဖျက်ဆီးခြင်း (သို့မဟုတ်) လှိုင်းဖြတ်တောက်ခြင်း (Electronic Countermeasure) ဖြင့် တားဆီးကာကွယ်ရန်တို့ ဖြစ်ကြသည်။

နယ်မြေထောက်လှမ်းရေး Spy Balloon များ၏ အန္တရာယ်ကို သတိပြုပြီး မိမိတို့၏ လုံခြုံရေးအတွက် သက်ဆိုင် ရာ ကာကွယ်ရေးအဖွဲ့အစည်းများ၏ ညွှန်ကြားချက်ကို လိုက်နာကြဖို့ MDSI က တိုက်တွန်းထားသည်။