လိင်အခြေပြု ခွဲခြား ဆက်ဆံမှုများကိုလည်း စစ်အာဏာရှင်စနစ်နှင့် အတူ ဆန့်ကျင်တော်လှန်ရမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။ 

စစ်အာဏာရှင်တော်လှန်ရေးနှင့် အတူ တပြိုင်တည်းတွင် လိင်အခြေပြု ခွဲခြားဆက်ဆံ ဖိနှိပ်မှုကို လည်း တော်လှန်ရန် လိုအပ်သည်ဟု အမျိုးသမီး အရေးနှင့် ကျား-မ လိင်စိတ်ခံယူမှု ကွဲပြားသူများအရေး တက်ကြွ လှုပ်ရှားသူများက ပြောသည်။

မြန်မာနိုင်ငံတွင် လူမှုစံနှုန်းအရ သတ်မှတ်ထားသော ဖြစ်တည်မှုများ ဖြစ်သည့် အမျိုးသမီးနှင့် LGBT ဖြစ်ခြင်း ကြောင့် နေရာမရမှု၊ အခွင့်အလမ်းများအား ပိတ်ပင်ထားမှု၊ တားဆီးထားမှုများ၊ အမျိုးသားများထက် ပိုမိုဖိနှိပ် ခွဲခြား ဆက်ဆံမှု၊ အသိအမှတ် မပြုမှုနှင့် ခေါင်းဆောင်မှုအပိုင်းတွင် တန်းတူညီမျှစွာ မရရှိမှုတို့မှာ ယနေ့အချိန်ထိ ရှိနေသည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ ကိစ္စရပ်များအား အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေး နှင့်အတူ တွန်းလှန်သွားကြရမည် ဟု ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) အတွင်းရေးမှူး – ၂ မော်ဖရေးမြား က ပြောသည်။ 

ဒီနွေဦးတော်လှန်ရေး ကနေ စပြီးတော့မှ လုံးဝ ဖိုဝါဒ ကြီးစိုးမှုတွေ လွမ်းမိုးမှုတွေကနေ တစ်ဆင့် ပြီးလို့ရှိရင် ဓလေ့ထုံးတမ်း အရရော၊ ဘာသာရေးအရရော အမျိုးသမီးအပေါ်ဖိနှိပ်တဲ့ မူဝါဒတွေ စည်းကမ်းချက်တွေ အမြင် သဘောထားတွေ အားလုံးကို ကျမတို့ တိုက်ဖျက်နိုင်မှသာလျှင် ကျမတို့ပြောနေတဲ့ ဒီမိုကရေစီ ရရှိဖို့ အတွက်ကို မတူညီကွဲပြားတဲ့ အလွှာပေါင်းစုံရဲ့ ရှုထောင့်နဲ့ ပါဝင်နိုင်မှသာလျှင် ကျမတို့ ခိုင်ခိုင်မာမာ ပိုပြီး တည်ဆောက်နိုင်မယ်လို့ မြင်တယ်ပေါ့နော်။ ကျမတို့ ဒီကနေ စပြီးတော့မှ အာဏာရှင်ကို တိုက်ခိုက်ရင်းနဲ့ တပြိုင်တည်း အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှု အဲ့ဒါတွေကို တပြိုင်တည်းတိုက်ဖို့ အရေးကြီးတယ်။

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်းထဲ၌ ဖိုးဝါဒကြီးစိုးမှုသည်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ပြည်သူလူထု တစ်ရပ်လုံး လိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီရရှိရန် အတွက် ကြိုးပမ်းရာတွင် ကျား – မ တန်းတူ ပါဝင်ခွင့်ရရေးနှင့် မတူညီကွဲပြားသည့် မသန်စွမ်း၊ LGBTIQ+ တို့ ပါဝင်လာရေးသည် အရေးကြီး သည့် အခန်းကဏ္ဍတစ်ခု ဖြစ်သည်ဟု မော်ဖရေးမြာ က ပြောသည်။ 

Politics for Women Myanmar တည်ထောင်သူ လီလီယန်ကလည်း စက်တင်ဘာ ၁၀ ရက်နေ့က အွန်လိုင်း တွင် လုပ်ခဲ့သည့် ‘လိင် အခြေပြုဖိနှိပ်မှုနှင့် အတွေးအခေါ် တော်လှန်ရေး’ နိုင်ငံရေးစကားဝိုင်းတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခဲ့သည်။

“မင်းအောင်လှိုင် ပြုတ်ကျမှ ငါတို့တွေက ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်မယ် ဟုတ်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင် ပြုတ်ကျပြီးတော့ ကျနော်တို့ ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်လို့ မရတဲ့ အခင်းအကျင်း တွေ တကယ်တော့ အများကြီးရှိတယ်။ မင်းအောင်လှိုင် တစ်ခုတည်းကပဲ စစ်တပ်တစ်ခုတည်းကပဲ ဖက်ဒရယ် ဒီမိုကရေစီကို မတည်ဆောက်နိုင်အောင် ပိတ်ပင်ထားတာ မဟုတ်ဘူးဆိုတာ ကျနော်တို့ မြင်ဖို့လိုတယ်။ ကျနော် တို့မှာ ရှိတဲ့ ဘယ်အတွေးအခေါ်က တန်းတူညီမျှရေး ကိစ္စတွေ၊ လွတ်လပ်မှုကိစ္စ၊ တရားမျှတမှုကိစ္စကို ပြန်ပိတ် ထားသလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုတာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် စစ်အာဏာရှင် တော်လှန်ရေးအတွက် စစ်အနိုင်တိုက်ရေးကိုသာ ဦးစားပေးနေကြပြီး လူမျိုးရေး အရ၊ စီးပွား ရေးအရ၊ လူတန်းစားအရ၊ ဘာသာရေးအရ လိင်အခြေပြု ဖိနှိပ်မှုများကိုမူ လစ်လျူရှုထားကြသည် ဟု ထောက်ပြမှုများရှိနေသည်။

အထက်ပါ ကိစ္စရပ်များကို လစ်လျူရှုထားခြင်းသည် တန်းတူရေး၊ တရားမျှတမှု ရရှိရေးတို့အတွက် စိန်ခေါ်မှု ဖြစ်စေသည်ဟု ဆိုကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ သုတေသီ စီရယ်လိုက “စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဒါမျိုးတွေ အကုန် ပြောကြတာရှိပေမဲ့ နည်းနာပိုင်းမှာ ကျနော်တို့အတွက်က သွားပြီး ထစ်တယ်ပေါ့နော်။ ထစ်တဲ့ အချိန်ရောက် တော့ ဘာဖြစ်လဲဆိုတော့ တချို့သော ဦးစားပေးတွေကို လုပ်လိုက်တဲ့အချိန်မှာ အရေးကြီးတဲ့ဟာတွေ ချန်ထားခဲ့ လိုက်ဆိုတဲ့ စကားတွေကို ရဲရဲတင်းတင်း ပြောလာကြတယ်ပေါ့နော်။ အဲ့တော့ ဒီဂျဲန်ဒါ ကိစ္စရပ်တွေမှ မဟုတ်ဘူး လူနည်းစု ကိစ္စရပ်တွေ တခြားသော ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ပြန်ပေါ်လာတော့ ကျနော်တို့ အတွေးအခေါ်တော်လှန်ရေးလို့ ပြောတဲ့အခါ တကယ်ရော ဖောင်ဒေးရှင်မှာတော့ ကျနော်တို့က ရှိနေပေမဲ့ practice (လက်တွေ့) လုပ်တဲ့ level (အဆင့်) မှာ တော်တော်လေး စိန်ခေါ်မှုတွေ ရှိနေတယ် ဆိုတာတော့ ကျနော်မြင်တယ်” ဟု ပြောသည်။

ဖိုးဝါဒကြီးစိုးခြင်းနှင့် ဖက်ဆစ် စစ်ဝါဒသည် သဘောတရားအားဖြင့် တူညီပြီး မြန်မာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ် ချစားနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဟု ထောက်ပြထားကြသည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် ဖိုးဝါဒလွှမ်းမိုးမှု၊ အမြစ်တွယ်မှု အားကောင်းနေဆဲ ဖြစ်ပြီး အမျိုးသမီးများ၏ ကဏ္ဍကို အမျိုးသားများနှင့် တန်းတူထားရှိမှုမှာလည်း အားနည်းနေသေးသည်ကို တွေ့ရသည်ဟု မြန်မာ့အမျိုး သမီးသမဂ္ဂ BWU က သုံးသပ်ထားသည်။ 

ငြိမ်းချမ်းသည့် လူမှုအဖွဲ့အစည်း တစ်ခု တည်ဆောက်ရန်အတွက် ခွဲခြားဆက်ဆံမှု မရှိခြင်းသည် အဓိက ကျသည်ဟု အမျိုးသမီးအရေးနှင့် ကျား-မ လိင်စိတ်ခံယူမှု ကွဲပြားသူများအရေး တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများက ဆိုသည်။

ဓါတ်ပုံ – International IDEA