နိုင်ငံတကာ လျစ်လျူရှုမှုက ကမ္ဘာတွင် အာဏာရှင်များအား လမ်းဖွင့်ပေးသကဲ့သို့ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
မြန်မာနိုင်ငံတွင် စစ်ကော်မရှင်က ကျူးလွန်နေသည့် ရာဇဝတ်မှုများကို နိုင်ငံတကာက အရေးမယူဘဲ လျစ်လျူ ရှုထားခြင်းသည် မြန်မာပြည်သူများအတွက်သာမက တစ်ကမ္ဘာလုံးရှိ အာဏာရှင် များအတွက်ပါ လမ်းဖွင့်ပေး သကဲ့သို့ ဖြစ်နေကြောင်း အမျိုးသမီးအဖွဲ့အစည်းများက သတိပေးထောက်ပြလိုက်သည်။
တအာင်း အမျိုးသမီး အဖွဲ့အစည်း (TWO) က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ‘လုံခြုံမှုကင်းမဲ့ သော ဘဝများ’ အစီရင်ခံစာ မိတ်ဆက်ပွဲ ဆွေးနွေးစတင်မှုတွင် အမျိုးသမီးခေါင်းဆောင်များက ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များက ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေခြင်းသည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) မွန်းနေလီက ထောက်ပြသည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေက အများကြီး သက်ဆိုင်နေတာ တွေ့ရတယ်။ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့ သူကို ဒီတိုင်း ကင်းလွတ်ခွင့် ပေးထားတယ် ဆိုလို့ရှိရင် မြန်မာကနေတစ်ဆင့် တခြားသော နိုင်ငံတွေမှာလည်း ဒီလိုမျိုး စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်က ပိုပြီး ကူးစက်သွားနိုင်တာ ဖြစ်သလို တစ်ကမ္ဘာလုံးရဲ့ လုံခြုံမှုကလည်း စိုးရိမ်စရာ ဖြစ်လာနိုင်တယ်။”
ထို့ကြောင့် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်ထားသည့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာဥပဒေဖြင့် အမြန်ဆုံး အရေးယူရန်နှင့် တရားမျှတမှုဖော်ဆောင်ရေး ယန္တရားများမှတစ်ဆင့် တာဝန်ခံမှုရှိစေရန် အမျိုးသမီးအဖွဲ့များက တိုက်တွန်းထားသည်။
မွန်းနေလီက “ကျမတို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ အတွင်းရေးပဲ ဖြစ်နေတာ မဟုတ်ဘဲနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေ ဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတကာရဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုတွေ ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုသလို ကျမတို့ ပြည်သူလူထုတွေရဲ့ လုံခြုံမှု ကင်းမဲ့နေတဲ့ ဘဝတွေကို ပြန်ပြီးတော့ ထူထောင်ပေးနိုင်ဖို့အတွက် စိုးရိမ်နေတဲ့ ဒီဘဝက လွတ်မြောက်ဖို့အတွက် အားလုံးရဲ့ ပါဝင်ပတ်သက်မှုက အရေးကြီးတယ်” ဟု ဆက်ပြောသည်။
စစ်ကော်မရှင်တပ်သည် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း TWO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မိုးကုတ်မြို့တွင် စစ်ကော်မရှင်၏ လက်နက်ကြီးထိမှန်၍ ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦးကလည်း သူမ၏ အခက်အခဲဒုက္ခကို ယခုကဲ့သို့ ပြောဆိုသည်။
“ကျမက ၂၀၂၄ ခုနှစ်၊ ၆ လပိုင်း ၂၈ ရက် မိုးကုတ်အနောက်ပိုင်း မြို့သိမ်းတိုက်ပွဲမှာ ရပ်ကွက်သူ ရပ်ကွက်သား တွေနဲ့ စစ်ရှောင်နေတုန်း ဘယ်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးစ ထိခဲ့တာပါ။ ယနေ့ထိ ဆေးကုနေရတုန်းပါ။ အရင်က မိသားစု စားဝတ်နေရေး လုံလောက်ရုံပဲ ရှိတာ၊ အခု ခြေထောက်ထိသွားတဲ့အချိန်မှာ ပြောပြစရာ မရှိအောင် ခက်ခဲခဲ့ပါတယ်။ နှစ်ရှည်လများ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲမှာ စိတ်ဒဏ်ရာတွေလည်း အများကြီး ရပါတယ်။”
စစ်အာဏာရှင် အဆက်ဆက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းကို အဆုံးသတ်ရန် TWO ၏ အထွေထွေ အတွင်းရေးမှူး လွေးပကျိုဝ်းဇားက ယခုကဲ့သို့ တောင်းဆိုလိုက်သည်။
“ပြည်တွင်း ဥပဒေအရရော နိုင်ငံတကာအရရော စစ်အာဏာရှင် မျိုးဆက်တွေက မျိုးဆက်အဆက်ဆက်မှာ ကင်းလွတ်ခွင့်တွေ ရနေခဲ့ပြီ ဖြစ်တယ်ပေါ့နော်။ လုံးဝကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ရက်ရက်စက်စက် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အာဏာရှင် မျိုးဆက်ကိုတော့ အမြန်ဆုံး ကျမတို့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့် ကနေတစ်ဆင့် နိုင်ငံတကာ စစ်ဆေးမှုနယ်ပယ်ကို ပိုပြီးတော့ အားကောင်းအောင် တိုးချဲ့ပြီးမှ ဒီနိုင်ငံတကာ ဥပဒေနဲ့အညီ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် သူ့ရဲ့နောက်လိုက် အကုန်လုံးကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်”
TWO ၏ မှတ်တမ်းများအရ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း တအာင်းဒေသရှိ မြို့နယ် ၁၄ ခုတွင် စစ်ကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၂၈၃ မှု ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၈၄၉ ဦး ထိခိုက်နစ်နာခဲ့သည်။
အမျိုးသမီးအဖွဲ့များက နိုင်ငံတကာအနေဖြင့် စစ်ကော်မရှင်ထံသို့ လေကြောင်းလောင်စာဆီ၊ လက်နက်နှင့် ထောက်လှမ်းရေး နည်းပညာများ တင်ပို့နေမှုကို ချက်ချင်းရပ်တန့်ရန်နှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် မြေပြင် အခြေအနေများကို စုံစမ်းစစ်ဆေးကာ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုထားကြသည်။
#စစ်ရာဇဝတ်မှု #ရွေးကောက်ပွဲ #WLB #TWO