ကရင်နီ စစ်ရှောင် စခန်းများတွင် ရေကျောက် ကူးစက်မှု ဆိုးရွား၊ သန့်ရှင်းရေး ပစ္စည်းများ အရေးပေါ်လိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်။
ကရင်နီပြည် အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ရေကျောက်ရောဂါ အစုလိုက်အပြုံလိုက် ကူးစက် ပြန့်ပွား နေပြီး ကာကွယ်ဆေးပါ ပြတ်လပ်နေသောကြောင့် အခက်အခဲဖြစ်နေကြသည်။
ကရင်နီ စစ်ဘေးရှောင်စခန်းများတွင် ရေကျောက်ရောဂါ (Chickenpox) အစုလိုက်အပြုံလိုက် ကူးစက် ပြန့်ပွားလျက်ရှိရာ ရောဂါထိန်းချုပ်ရန်အတွက် ကာကွယ်ဆေးနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ အရေးပေါ်လို အပ်နေကြောင်း ဒေသတွင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
လက်ရှိတွင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ရှားတောမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ၌ ရောဂါကူးစက်မှု အရှိန်အဟုန် မြင့်မားနေခြင်းဖြစ်သည်။
ဖရူဆိုအနောက်ခြမ်းတစ်ခုတည်းတွင်ပင် အတည်ပြုလူနာ ၅၀ ကျော်ရှိလာပြီး ကူးစက်မှုနှုန်း မြန်ဆန်လွန်းသဖြင့် ရောဂါပြန့်ပွားမှုကို တားဆီးရန် စာသင်ကျောင်းအချို့ကိုပင် ယာယီပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိနေ သည်။
ဖွံဘော်ခွတ်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဂျူးလစ်ငဲငယ်က “အဖြစ်များတာက အခု ကျောင်းနေအရွယ်ပေါ့။ ၅ နှစ်ကနေ ၁၈ နှစ် ဆိုပေမယ့် ၁၈ နှစ်ကျော်တွေ ဖြစ်တာလည်း ရှိတယ်၊ ၅ နှစ်အောက် ၁ နှစ်အောက်တောင်မှ ဖြစ်တယ် ပေါ့နော်။ အခုက အသက်အရွယ်မရွေး ဖြစ်နေတာ။ လူကြီးပိုင်းလည်း ဖြစ်တယ်၊ အသက်ကြီးတဲ့ လူလည်း ဖြစ်တယ်ပေါ့။ အခုက တော်တော်လေး ကူးမြန်နေခါကျတော့လေ တော်တော်ဆိုးတယ်လို့ ပြောရမှာ ပေါ့” ဟု ပြောသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာန၏ အဆိုအရ အဓိက အခက်အခဲမှာ ဒေသတွင်း၌ ရေကျောက်ကာကွယ်ဆေး လုံးဝပြတ်လပ်နေခြင်း ဖြစ်သည်။
IEC ကျန်းမာရေးဌာန ဌာနမှူးကြီး ခွန်းဖိလစ်က “ကာကွယ်ဆေးက လုံးဝမရှိဘူးလေ။ ကျနော်တို့ လက်ထဲမှာ မရှိဘူး အဲ့လို။ မြန်မာပြည်ထဲမှာလည်း ရေကျောက်တွေက အမြစ်ပြတ် ပျောက်သွားပြီ ဖြစ်တဲ့အတွက် သူတို့ မထိုးတာ ကြာပြီလေ။ ပြီးခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းကဆို ကြာလှပြီပေါ့။ အဲ့ဒါကြောင့် အခု ရောဂါ အခုမှ ပြန်ဖြစ်လာတာကိုး” ဟု ပြောသည်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သဖြင့် သီးသန့်ကုသဆေး မရှိဘဲ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်း ပါက နောက်ဆက်တွဲ ပြည်တည်နာများ ဖြစ်ပွားလာမည်ကိုလည်း ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေကြ သည်။
“ဒီဟာက virus ဖြစ်တဲ့အတွက် သူ့ဆေးမရှိဘူး။ ဒါပေမဲ့ သူ့ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး ပေါ့နော်၊ အဲ့ဒီဟာတွေ ဥပမာ ဒီ အရေပြားယားတဲ့ဟာတွေ၊ ဒီ ရေကျောက်ပေါက်လို့ အဖုပေါက်တဲ့ဟာတွေ ကုတ်မိတာတို့၊ မသန့်ရှင်း ဘဲနဲ့ လက်တွေနဲ့ ကုတ်မိတယ် ဆိုလို့ရှိရင် ပြည်တည်နာတွေ ဖြစ်နိုင်တယ်၊ အဲ့ဒါတွေကိုပဲ စိုးရိမ်ရတာ” ဟု ဂျူးလစ်ငဲငယ် က ဆက်ပြောသည်။
လက်ရှိတွင် ကရင်နီဒေသ၌ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရခြင်းကြောင့် စစ်ဘေးရှောင်များအကြား တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းနေခြင်းက ရောဂါပြန့်ပွားမှုကို ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။
ကျန်းမာရေးဌာနများမှ ကိုယ်ပူကျဆေးနှင့် လိမ်းဆေးအချို့ ဝေငှပေးနေသော်လည်း စစ်ဘေးရှောင်စခန်းများ အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်နှင့် သန့်ရှင်းရေးသုံးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရောဂါလက္ခဏာတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်းများထံ အမြန်ဆုံး ပြသကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နှင့် ကရင်နီနယ်လှည့်ကျန်းမာရေးကော်မတီ (KnMHC) တို့က တိုက်တွန်းနှိုးဆော်ထားသည်။