တော်လှန်ရေး အဖွဲ့အချင်းချင်း ပစ်ခတ်မှု အချက်အလက်များ ထုတ်ပြန်မည်ဟု IEC ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်။ 

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲဒေသတွင် တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လူထုထံ အချက်အလက်များ ထုတ်ပြန် သွားမည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က မိုးဗြဲအနောက်ဘက်ခြမ်းတွင် အမှတ် (၁) အယ်ဖာစစ်ဒေသနှင့် မိုးဗြဲဒေသခံ Local PDF အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဦးအောင်မင်း အပါအဝင် ဒေသခံ PDF ၉ ဦး သေဆုံးခဲ့သည်။ 

အဆိုပါဖြစ်စဉ်ကို စစ်ဆေးရန် IEC က အဖွဲ့ဝင် ၉ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို အရေးပေါ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

IEC အထွေထွေအတွင်းရေးမှူး ဦးဗညားက လောလောဆယ်ကတော့ စိစစ်ကာလဖြစ်တဲ့အတွက် ကျနော်တို့ ဘာမှ အသေးစိတ် ပြောလို့မရသေးပါဘူး။ ဒီဖြစ်စဉ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေကို ကျနော်တို့ ဆက် သွားမှာ ဖြစ်ပါတယ်။ လူထုကို အသိပေးထုတ်ပြန်ဖို့ကတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ထုတ်ပြန် သင့်တဲ့ အချိန်မှာ ထုတ်ပြန်ပေးသွားမှာပါ ဟု ပြောသည်။

ပစ်ခတ်မှုမဖြစ်ပွားမီ ဧပြီလ ၁၆ ရက်နေ့တွင် ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး ကောင်စီနှင့် ကျေးရွာအုပ်စု (၉) စုက ဦးအောင်မင်း ဦးဆောင်သည့် မိုးဗြဲ Local PDF သည် သံဃာတော်များနှင့် သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ ပြည်သူအပေါ် လက်နက်အားကိုး ဖိနှိပ်ခြင်းများ ကျူးလွန်သည်ဟုဆိုကာ အဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် လက်နက်အပ်နှံရန် သဘောထား ထုတ်ပြန်ခဲ့သည်။ 

ဧပြီလ  ၂၄ ရက်နေ့တွင် ညှိနှိုင်းရန် သွားရောက်စဉ် အပြန်အလှန် ငြင်းခုံရာမှ ဦးအောင်မင်းဘက်က စတင် ပစ်ခတ်သဖြင့် နှစ်ဖက် ပစ်ခတ်မှု ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမှတ် (၁) အယ်ဖာစစ်ဒေသ ဘက်က ထုတ်ပြန်ထားသည်။

တော်လှန်ရေး အင်အားစုများအကြား ဤဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ကရင်နီတော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက တော်လှန်ရေးကာလမှာ ဒီလိုမျိုး အချင်းချင်း သေနတ်နဲ့ ဖြေရှင်းကြတာတော့ မကောင်း ဘူးပေါ့နော်။ တော်လှန်ရေးပုံရိပ် ထိခိုက်တယ်။ ဒါ့အပြင် ကရင်နီမှာ တပ်တစ်ခုတည်း ဖြစ်လာဖို့အတွက် အချင်းချင်းကြားမှာ ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပိုပြီးခက်သွားနိုင်တယ် ဟု ပြောသည်။

လက်ရှိတွင် ပါဝင်ပတ်သက်ခဲ့သည့် မိုးဗြဲ Local PDF ကို IEC က အပြီးတိုင် ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး၊ ဖမ်းဆီး ရမိထားသည့် အဖွဲ့ဝင်အချို့ကိုလည်း စစ်ခုံရုံးမှတစ်ဆင့် တရားရင်ဆိုင်စေရန် စီစဉ်နေသည်။ 

ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) နှင့် ဗဟိုစစ်ဦးစီးအဖွဲ့ (COC) တို့ ပူးပေါင်းဖွဲ့စည်းထားသည့် စုံစမ်းရေး ကော်မရှင်အနေဖြင့် မြေပြင်အခြေအနေကို အသေးစိတ် စိစစ်လျက်ရှိပြီး၊ တရားမျှတမှု ဖော်ဆောင်နိုင်ရေး အတွက် သက်ဆိုင်သူများ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။