ဘားတွင် ရိုက်နှက် သတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်အတွက် တရားမျှတမှု ဖော်ထုတ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် မေလ ၉ ရက်။ 

ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ပီတာဘား (Peter Bar) ပိုင်ရှင်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ ရသည့် အသက် ၁၆ နှစ်အရွယ် အင်းလေးဒေသခံ အမျိုးသမီးငယ် မဖူးပွင့်ဝေအတွက် တရားမျှတမှုရရှိသည် အထိ အဆုံးတိုင် ကြိုးပမ်းသွားမည်ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) က ထုတ်ပြန်ကြေညာလိုက်သည်။

မိသားစု၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ ကူညီရန်အတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် Grade 8 ကျောင်းသူ မဖူးပွင့်ဝေသည် မေလဆန်းပိုင်းက အဆိုပါ ဘားဆိုင် ပိုင်ရှင် ကိုပီတာ (ခ) အောင်မျိုးသူ၏ ရိုက်နှက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ 

ကျူးလွန်သူသည် လူကုံထံအသိုင်းအဝိုင်းနှင့် အာဏာပိုင်များအကြား ဝင်ဆန့်သူဖြစ်သဖြင့် လက်ရှိပျက်စီးနေ သည့် တရားစီရင်ရေးစနစ်အောက်တွင် အမှုပျောက်ကွယ်သွားမည်ကို IWU အနေဖြင့် စိုးရိမ်နေသည်။

IWU အထွေထွေအတွင်းရေးမှူး မကြိုးကြာက ကြက်ကလေး၊ ငှက်ကလေး တကောင် ဆုံးရှုံးသွားတာ မဟုတ် ပါဘူး။ လူတိုင်းရဲ့ အသက်က တန်ဖိုးကြီးပါတယ်။ ဒါက လွယ်လွယ်နဲ့ အမှုလျှော့ပေါ့ပေးလို့ မရဘူး။ သေဆုံး သူနဲ့ ထိုက်တန်တဲ့ တရားမျှမှု ရမှ ရမှာပါ။ ရအောင်လည်း အဆုံးထိသွားမှာပါ ဟု ပြောသည်။

ထို့ပြင် တရားခံသည် စိတ်ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရန် ကြိုးပမ်း လာနိုင်သည့်အပေါ် မကြိုးကြာက ဆက်လက်၍ တရားခံက စိတ်နှံတာမနှံတာ မဆိုင်ဘူး။ ဘားတစ်ခုလုံးတောင် ဖွင့်နိုင်သေးတာပဲ။ လူတယောက် အသက်ဆုံးရှုံးသွားတာပါ ဟု ဝေဖန်ထောက်ပြသည်။

သေဆုံးသူ မဖူးပွင့်ဝေသည် ဖခင်ကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူနှင့်အတူ ဆင်းရဲနွမ်းပါးစွာ နေထိုင်ခဲ့ရသူဖြစ်ပြီး ယခုဖြစ်ရပ်သည် မြန်မာနိုင်ငံရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်ရှာဖွေရာတွင် ရင်ဆိုင်နေရသည့် လုံခြုံမှုမရှိခြင်းနှင့် အကာအကွယ်မဲ့ခြင်းများကို မီးမောင်းထိုးပြနေသည်။

မကြိုးကြာက ကျမတို့ မြန်မာနိုင်ငံမှာ စားဝတ်နေရေး အဆင်ပြေဖို့အတွက် မိဘတွေကို တဘက်တလမ်းကနေ ဝင်ငွေကူရှာပေးရင်းနဲ့ လူကုန်ကူးတာတွေ ခံရတယ်၊ နှိပ်စက်မှုဒဏ်တွေ ခံရတယ်။ ဒါကြောင့်မိုလို့ ကျမတို့ အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်တော့မယ်ဆိုရင် အစစအရာ သတိထားပြီး လုပ်ကြပါလို့ ပြောချင် ပါတယ် ရှင့် ဟု ပြောသည်။

ကျူးလွန်သူ ကိုပီတာကို မေလ ၆ ရက်နေ့က ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်၊ တုံတာမြို့တွင် ဖမ်းဆီး ရမိခဲ့ ပြီး လက်ရှိတွင် တောင်ကြီးမြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီဖြစ်သည်။ 

အဆိုပါအမှုနှင့် ပတ်သက်၍ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ရှမ်းပြည်အတွင်းရှိ အမျိုးသမီး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းအသံထုတ်ဖော်ပေးကြရန်လည်း IWU က မေတ္တာရပ်ခံထားသည်။

အင်းလေးအမျိုးသမီးသမဂ္ဂ အနေဖြင့် မဖူးပွင့်ဝေအတွက် မှန်ကန်သည့် တရားစီရင်မှု ပေါ်ပေါက်လာစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်သွားရန် အဆုံးတိုင် ရပ်တည် ဆောင် ရွက်သွားမည်ဟု မေလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။