ထောင်ဖောက်ပြေးမှုနှင့် ပတ်သက်၍ လူထုကို IEC တောင်းပန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်။
ကရင်နီပြည်အတွင်း ထောက်ဖောက်ပြေးမှုကြောင့် ပြည်သူများ အထိပ်တလန့် ဖြစ်ခဲ့ရခြင်းအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က လူထုကို ဝန်ချတောင်းပန်ခဲ့သည်။
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အမှတ် (၂) အကျဉ်းထောင်တွင် စစ်သုံ့ပန်းများ အုပ်စုဖွဲ့၍ လက်နက်နှင့်အတူ ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က လူထုတစ်ရပ်လုံးကို တရားဝင် ဝန်ချတောင်းပန်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် စစ်သုံ့ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦးနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ကျခံနေရသူ ၅ ဦး စုစုပေါင်း (၈၃) ဦးတို့သည် လက်နက် ၉ လက်ကို ယူဆောင်ကာ ထောင်ဖောက်ပြေးခဲ့ကြခြင်းဖြစ်သည်။
IEC ၏ အတွင်းရေးမှူး-၂ ဦးဗညားက “ဒီဟာက ကျနော်တို့တွေရဲ့ အားနည်းချက်ပါ။ ဒီအားနည်းချက်ကို အခြေခံ ပြီးတော့မှ စစ်ကောင်စီကလည်း အကောင်းဆုံး အခွင့်ကောင်း ယူလိုက်တာပေါ့နော်။ လူတွေကို လူလိုဆက်ဆံ တဲ့ အတွက်ကြောင့် ကျနော်တို့ အမှားလည်း ဖြစ်သွားတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့လည်း တရားဝင် ဝန်ချတောင်းပန်ခြင်း ဖြစ်တယ်” ဟု ပြောသည်။
စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါအကျဉ်းသားများသည် ထောင်ဝန်ထမ်း ၂ ဦးနှင့် ချိတ်ဆက်ကာ ၃ လခန့် ကြိုတင်ပြင်ဆင်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းတို့သည် ဆက်သွယ်ရေး အားနည်းချက်များကို အခွင့်ကောင်းယူ၍ အုပ်စုဖွဲ့လှုပ်ရှားခြင်း၊ နယ်စပ်ဖြတ်ကျော် ရန် ဆုံမှတ်များသတ်မှတ်ခြင်းနှင့် ဖုန်းဆင်မ်ကတ်များ၊ ရိက္ခာများကို စနစ်တကျ ပြင်ဆင်ခဲ့ကြကြောင်း IEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဦးဗညားက “ကျနော်တို့ ထောင်လုပ်တဲ့နေရာနဲ့ တခြားနေရာနဲ့ ဆက်သွယ်ဖို့ အရမ်းခက်ခဲတယ်။ အဲ့တော့ ဖောက်ထွင်းပြေးဖို့အတွက် ကြံတဲ့သူက ပိုအားသာသွား တာပေါ့။ နောက်ထပ် တစ်ခုက ၃ လ ဆိုပေမဲ့လည်း သေချာတာတစ်ခုက ရိုးရိုးကလေးတွေကနေ ကြံစည်တာ မဟုတ်ဘူး။ တကယ့်ကို စနစ်တကျ လုပ်ထားတဲ့ အပေါ်မှာကတော့ သတိမထားမိတာလည်း ပါတာပေါ့နော်” ဟု ပြောသည်။
အကျဉ်းသားများ ထွက်ပြေးပြီးနောက် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းခဲ့ရာ ပြန်လည်ခုခံ သည့် စစ်သုံ့ပန်း ၈ ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်။
ကျန်ရှိသည့် အကျဉ်းသားအများစုမှာ ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့ကြသော်လည်း ထိုင်းနှင့် မြန်မာ စစ်အုပ်စုကြား နှစ်ပေါင်းများစွာရှိခဲ့သည့် တပ်ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း သဘောတူညီချက်များအရ စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခြင်း ခံခဲ့ရသည်။
လက်ရှိတွင် IEC အနေဖြင့် ထောင်ဖောက်ပြေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ထောင်ဝန်ထမ်း ၂ ဦးအား ပြစ်မှုဆိုင် ရာ တရားစွဲဆိုထားပြီး ဖြစ်သည်။
နောင်တွင် ထောင်ဝင်စာတွေ့ခြင်းနှင့် အင်တာဗျူးခြင်းများကို ကန့်သတ်သွားမည်ဖြစ်သလို၊ အကျဉ်းထောင် လုံခြုံရေးကို နိုင်ငံတကာဥပဒေများနှင့်အညီ ဖြစ်စေရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ နည်းပညာ အကူ အညီများ ရယူကာ အကြီးစား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထား သည်။