ကရင်နီ လူငယ်များ ပြည်ပထွက်ခွာမှု ပြည်နယ်တည်ဆောက်ရေးကို ထိခိုက်နိုင်ဟု IEC ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ အဆိုပါ အခြေအနေသည် အနာဂတ် ပြည်နယ် တည်ဆောက်ရေးကို ထိခိုက်လာနိုင်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်ဘေးဒဏ်၊ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးမှုများကြောင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ထွက်ခွာနေကြရခြင်း ဖြစ်သည်။
IEC လူငယ်ရေးရာဌာန ဌာနမှူးကြီး ခွန်းသောမတ်စ်က “ပြည်တွင်းစစ်ဒဏ်ကြောင့်ပေါ့နော် ပညာသင်ခွင့်တွေ ကလည်း မလုံခြုံမှုဖြစ်တယ်။ အလုပ်ကိုင် အခွင့်အလမ်းတွေ လည်း မယ်မယ်ရရမရှိတာ ဖြစ်တဲ့အတွက် လူငယ် အများစုက အနာဂတ်လည်း ပျောက်တယ်။ ရည်မှန်းချက်တွေလည်း ပျောက်တယ်။ အဲ့တော့ အလုပ်ကိုင် လည်း စနစ်တကျ မရှိတာဖြစ်တဲ့အတွက် နီးစပ်ရာ တခြားသော နိုင်ငံတွေမှာ တရားမဝင်သော်လည်းကောင်း၊ တရားဝင်သော်လည်းကောင်း ဝမ်းစာဖြေရှင်းနိုင်ဖို့အတွက် သွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်ရတယ်လို့ ပြောလို့ရပါတယ်” ဟု သုံးသပ် ပြောဆိုသည်။
ထိုသို့ ထွက်ခွာသွားသူများအနက် အမျိုးသားဦးရေမှာ အမျိုးသမီးထက် ထက်ဝက်ကျော် ပိုမိုများပြားပြီး အများစုမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည်။
ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ရသည့် ကရင်နီလူငယ် အမျိုးသမီးတစ်ဦးက “မိသားစု အခြေအနေကလည်း အဆင်မ ပြေတဲ့ အတွက်ကြောင့်မို့လို့ စားဝတ်နေရေးအတွက် ကလေးရဲ့ ဝေယျာဝစ္စ တစ်ခုခု လုပ်ဖို့အတွက် လုံးဝ မလုံ လောက်ဘူး။ ဆန်တစ်အိတ်တောင်မှ တစ်သိန်းကျော် ဖြစ်နေတဲ့အချိန်မှာ မဖူလုံတဲ့ အနေအထား ရှိတယ်ပေါ့။ အဲ့ဒီကြောင့်မို့လို့ ဒီအနေအထားအတိုင်းဆိုရင် ငါ့မိသားစုကတော့ အဆင်မပြေနိုင်လောက်ဘူးပေါ့နော်။ ငါထိုင်း မှာ သွားရှာရင် ပိုပြီး အဆင်ပြေ နိုင်လောက်မယ် ဆိုတဲ့ အနေအထား ဖြစ်သွားတယ်ပေါ့နော်” ဟု ပြောသည်။
ထို့ပြင် အာဏာသိမ်းမှုနောက်ပိုင်း ပညာသင်ယူနိုင်သည့် လမ်းစများ ပိတ်ပင်ခံလိုက်ရခြင်းနှင့် လူငယ်များ၏ ရည်မှန်းချက်များ ပျောက်ဆုံးသွားရခြင်းကလည်း ပြည်ပထွက်ခွာရန် တွန်းအားဖြစ်စေခဲ့သည်။
အလားတူ အခြား လူငယ်အမျိုးသမီးတစ်ဦးကလည်း “အဓိကကတော့ နိုင်ငံရေးကြောင့်ပေါ့။ အရင်တုန်း ကတော့ သူများနိုင်ငံကို ထွက်မယ်၊ အလုပ်လုပ်မယ် အတွေးမျိုး မရှိခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ မိသားစုအတွက် ပြီးရင် နိုင်ငံရေး ဖြစ်ပြီးနောက်ပိုင်း လူငယ်တွေအတွက် အခွင့်အလမ်းမရှိတော့ဘူး။ ပညာရေးလည်း ဆက် သင်လို့ မရတော့ဘူးပေါ့နော်။ အဲ့လိုနဲ့ ထွက်လာဖြစ်လိုက်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ လူငယ်အင်အားများစွာ ပြည်ပသို့ ဆက်လက်ထွက်ခွာနေပါက ရေရှည်တွင် ပြည်နယ်နှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် ကြီးမားသည့် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ခွန်းသောမတ်စ်က ထောက်ပြသည်။
“ကျနော်တို့ ပြည်နယ်တည်ဆောက်ရေး ကိစ္စတွေမှာ အနာဂတ်မှာ ဒီလူငယ်တွေရဲ့ ခွန်အားတွေနဲ့ ကျနော်တို့ တည်ဆောက်ရမှာ ဖြစ်တယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီလူငယ်တွေက ကျနော်တို့ ပြည်နယ်မှာ ပြည်နယ်လွတ် မြောက်ရေးတွေ၊ နိုင်ငံလွတ်မြောက်ရေးတွေ လုပ်ဆောင်တဲ့အခါမျိုးမှာ သူတို့တွေ မပါဝင်နိုင်တဲ့ အခြေအနေ မျိုးတွေ ဖြစ်လာတဲ့အခါမျိုးမှာ သက်ရောက်မှုတွေ တချို့ရှိတာပေါ့။”
ကရင်နီပြည်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ လျော့နည်းလာခြင်းနှင့်အတူ တိုက်ပွဲများကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေများကလည်း ဒေသခံလူငယ်များကို ပြည်ပသို့ ထွက်ခွာရန် တွန်းအားပေးသည့် အဓိက အချက်များတွင် ပါဝင်နေသည်။
ယခုကဲ့သို့ လူငယ်စွမ်းအားစုများ အမြောက်အမြား ထွက်ခွာသွားခြင်းသည် လတ်တလော စားဝတ်နေရေး အဆင်ပြေစေနိုင်သော်လည်း ရေရှည်တွင် ပြည်နယ်၏ လူမှုစီးပွား တိုးတက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် အဓိက လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ပြတ်လပ်မှုကို ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ဓာတ်ပုံ – (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)