၇ လအတွင်း လူကုန်ကူးမှု အပါအဝင် ဥပဒေချိုးဖောက်မှု ၃၅ မှုကို AA အရေးယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
ရခိုင်ပြည်အတွင်းမှ လူငယ်များ ပြည်ပသို့ ထွက်ခွာရာတွင် တရုတ်မယားအဖြစ် ရောင်းစားခံရခြင်း အပါအဝင် လူကုန်ကူးခံနေရသည့် ဖြစ်စဉ်များရှိနေပြီး ၇ လတာကာလအတွင်း လူကုန်ကူးမှုနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေချိုးဖောက်သည့် အမှုစုစုပေါင်း ၃၅ မှုကို အရေးယူထားကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန် သည်။
အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ၏ အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဌာန (DLEPS) သည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လတာ အတွင်း လူကုန်ကူးမှု အပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေချိုးဖောက်မှု အမှု ၃၅ မှုကို အရေးယူခဲ့ပြီး မဟာမိတ် နယ်မြေများရှိ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP) ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်မှ စတင်ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း အဆိုပါ ပြဋ္ဌာန်းချက်ကို ရှောင်ရှားရန်နှင့် စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူအချို့သည် လူကုန်ကူး ပွဲစားများနှင့် ချိတ် ဆက်ကာ အာရက္ခပြည် အပြင်ဘက်သို့ ထွက်ခွာနေကြခြင်းဖြစ်သည်။
ရခိုင်လူငယ်တစ်ဦးက “ကျနော်တို့ တောင်ကုတ်၊ ဂွ၊ သံတွဲဘက်က လူငယ်တွေ စစ်မှုထမ်းဖို့ ကြောက်လို့ ထွက် ပြေးကြတာ ရှိတယ်လေ။ ကျောက်ဖြူမှာလည်း ရှိတယ်။ အဲ့ဒါကတော့ လူကုန်ကူးမှုလို့ ပြောလို့မရဘူး။ အခု အဲ့လိုထွက်ပြေးတာတွေကို ဖမ်းမိလို့ အရေးယူတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာ စုံစမ်းမရတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ရခိုင်လူငယ်အများစုသည် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၌ အတင်းအဓမ္မ ခိုင်းစေခံနေရသည့်အပြင် ရှမ်းမြောက်ဒေသ၊ ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းနိုင်ငံ အတွင်းရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ၌ ပိတ်လှောင် ခိုင်းစေခံနေရကြောင်း AA ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့ပြင် တရုတ်နှင့် ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများသို့ တရားမဝင် နည်းလမ်းများဖြင့် ဝင်ရောက်ရန် ကြိုးစား ချိန်တွင် လူကုန်ကူးဂိုဏ်းများ၏ ရောင်းစားခြင်းကို ခံနေကြရပြီး အထူးသဖြင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူ များသည် တရုတ်မယားအဖြစ် ရောင်းစားခံနေကြရသည်။
ပွဲစားများက “လစာကောင်းသော အလုပ်ရမည်”၊ “ကလေးတစ်ယောက် မွေးပေးလျှင် ဘယ်လောက်ရမည်” ဟု လိမ်လည် စည်းရုံးကာ ဖုန်းများ သိမ်းဆည်း၍ မိသားစုနှင့် ဆက်သွယ်ခွင့် မရဘဲ ပိတ်လှောင်ထားသည့် ဖြစ်စဉ် များလည်း ကြုံတွေ့နေရသည်။
“ငရဲတွင်းသို့ သက်ဆင်းသကဲ့သို့ အဆိုးဝါးဆုံး ကြုံတွေ့နေရသော်လည်း ကျားဖြန့် အပါအဝင် လူကုန်ကူးခံရ သူများမှာ ဘာသာစကား အခက်အခဲများနှင့်အတူ အမှုဖွင့် တိုင်တန်းခွင့် မရဘဲ ရင်ဆိုင်နေကြရသည်” ဟု AA ၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ထို့ပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်စဉ် သက်ဆိုင်ရာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရသကဲ့သို့ အလုပ် ရှင်များ၏ ရိုက်နှက် နှိပ်စက်မှုများ၊ လုပ်ငန်းခွင်အတွင်း အလုပ်သမား အခွင့်အရေး မရရှိခြင်းနှင့် အသက် အန္တရာယ် ထိခိုက်မှုများကိုပါ ကြုံတွေ့နေကြရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း ဒေသများ၌ လူကုန်ကူးမှု လုပ်ငန်းများ ဆက်လက် ရှိနေဆဲ ဖြစ် သောကြောင့် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေဖြင့် ယင်းကိစ္စရပ်များကို တားဆီး ကာကွယ် နှိမ်နင်းနိုင် ရေးအတွက် အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
(ဓာတ်ပုံ – AA Info Desk/ ပုံဟောင်း)