ချင်းတောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်တပ်က တပြိုင်တည်းထိုးစစ်ဆင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။
ချင်းပြည်မြောက်ပိုင်း ဟားခါးနှင့် ထန်တလန်အကြားရှိ ဗျူဟာမြောက် C3 တောင်ကုန်းနေရာကို ချင်းတော်လှန် ရေး ပူးပေါင်းတပ်များဘက်က ယာယီဆုတ်ခွာပေးလိုက်ရပြီး၊ တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင်လည်း စစ်တပ်က လေကြောင်းအသုံးပြုကာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။
ထိုသို့သော အခြေအနေများကြောင့် လက်ရှိတွင် ချင်းပြည်အတွင်း စစ်ရေးတကျော့ပြန် ပြင်းထန်လျက်ရှိသည်။
ဟားခါးမြို့မှ အင်အား ၂၅၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းသည် ထန်တလန်မြို့သို့ ဦးတည် ကာ အင်အားဖြည့်တင်းရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ထို့ကြောင့် ဇွန်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် ချင်းပြည် ကောင်စီ ပူးပေါင်းတပ်များနှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သော် လည်း၊ စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခြင်းနှင့် ဒရုန်းများကို အလွန်အကျွံ အသုံးပြု တိုက်ခိုက်လာခြင်း ကြောင့် ဇွန်လ ၆ ရက် နေ့လယ်ပိုင်းတွင် ဗျူဟာမြောက် C3 တောင်ကုန်းနေရာမှ ချင်းပူးပေါင်းတပ်များ ခေတ္တ ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
သို့သော် စစ်တပ်စစ်ကြောင်းမှာ ထန်တလန်မြို့တွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့များ က မြို့ကို ဆက်လက်စိုးမိုးထားဆဲ ဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ပေါ်သို့လည်း စစ်တပ်က တစ်ပတ်နီးပါးခန့် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းက ဂျက်ဖိုက်တာများဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့သဖြင့် လူနေအိမ် ၁၀ လုံးထက် မနည်း ပျက်စီးခဲ့ရသည့်အပြင် ယနေ့ ဇွန်လ ၈ ရက်နေ့တွင်လည်း မင်းတပ်မြို့အရှေ့ပိုင်းသို့ စစ်တပ်က လေယာဉ် နှစ်စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
မင်းတပ်မြို့ခံက “တိုက်ပွဲမရှိလည်း လေယာဉ်က နေ့တိုင်းလာဝဲနေတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လို့မရဘူး။ ကလေးတွေရော လူကြီးတွေဟာ အသံကြားတာနဲ့ ကြောက်နေကြပြီ။ အခုက လူစုလူဝေးရှိတဲ့ နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာဆိုတော့ ဘယ်နေရာမှမလုံခြုံသလို ခံစားရတယ်” ဟု ပြော သည်။
စစ်တပ်၏ ချင်းပြည်နယ်တစ်ဝန်း အင်အားအလုံးအရင်းနှင့် လေကြောင်းသုံးကာ ညှပ်ပူးညှပ်ပိတ် ထိုးစစ်ဆင်လာ မှုများကြောင့် လက်ရှိ မင်းတပ်မြို့နယ်ထဲတွင်ပင် တောတောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ ၁၇,၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်သည်။
မကွေး-ချင်းအစပ်က မစစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက “လမ်းတွေကလည်း စစ်တပ် က ပိတ်ထားတော့ အခြေခံစားနပ်ရိက္ခာတွေ သယ်လို့မရဘူး။ အခု တောထဲမှာ ပုန်းနေရတဲ့သူတွေထဲမှာ နို့စို့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ အများကြီးပါတယ်ဆိုပြီး ပြောလာတာမျိုးတွေ လည်း ရှိတယ်။ မိုးကလည်းရွာနေတော့ ဆေးတွေလိုတယ်။ အစားအစာ ရိက္ခာပေါ့နော် အရေးပေါ် လိုနေတယ် ဗျ” ဟု ပြောသည်။
စစ်ရေးအကဲခတ်များကမူ စစ်တပ်သည် ၎င်းတို့လက်လွှတ်ခဲ့ရသည့် ချင်းပြည် အတွင်းက နယ်မြေများနှင့် မြို့ များကို ပြန်လည်စိုးမိုးနိုင်ရန်အတွက် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ပြိုင်တူထိုးစစ်ဆင်ကာ အင်အားပြ ကြိုးပမ်း လာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။