မင်းတပ်တွင် စစ်တပ်မှ ဗုံးကြဲ၊ ကလေးငယ် ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

ချင်းပြည် တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (မိန်းကလေးငယ်) ၃ ဦး သေဆုံးပြီး၊ နေအိမ်အဆောက်အအုံ အများအပြား ပျက်စီးသွားကြောင်း ဒေသခံ များနှင့် ချင်းဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၉ ရက် နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးမြို့ တံတားဦးလေတပ်မှ တက်လာသည့် စစ်တပ် ဂျက်ဖိုက်တာ တစ်စီးက မင်းတပ်မြို့အနီးရှိ ကျေးရွာတစ်ရွာ (တိုက်နယ်အမှတ် ၄ ရှိ ရှိမ်းကျေးရွာဟု ယူဆရသူများရှိ) ကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်၊ ၈ နှစ်နှင့် ၁၀ နှစ်ဝန်းကျင်အရွယ်ရှိ အရပ်သား မိန်းကလေးငယ် ၃ ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

မင်းတပ်မြို့ခံတစ်ဦးက မနက်အစောကြီး လူတွေအိပ်ကောင်းတုန်းရှိသေးတယ်၊ လေယာဉ်နဲ့ လာဗုံးကြဲသွား တာ။ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ အပြစ်မရှိတဲ့ ကလေးမလေး ၃ ယောက် ဗုံးမှန်ပြီး ဆုံးသွားရတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတော့ အားလုံးက ထိတ်လန့်ပြီး ဘေးလွတ်ရာ ရှောင်နေကြရတယ် ဟု ပြော သည်။

စစ်တပ်သည် ထိုနေ့ ညနေပိုင်းတွင်လည်း မင်းတပ်မြို့အနီးသို့ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ ညနေ ၆ နာရီခွဲခန့်တွင် မြို့အရှေ့ဘက်နေရာများကို Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ၁၁ ကြိမ်တိုင်တိုင် ဗုံးအလုံးပေါင်း ၃၀ ကျော်ကို ထပ်မံကြဲချ တိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ကလည်း တစ်ရက်တည်းတွင် ဗုံးအလုံးရေ ၉၀ နီးပါး အသုံးပြုကာ မြို့အရှေ့ခြမ်းကို ပစ်ခတ်ခဲ့သေးသည်။

မြေပြင်သတင်း အချက်အလက်များအရ စစ်တပ်သည် ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့ ညနေပိုင်း အထိ တစ်ပတ်အတွင်း မင်းတပ်မြို့နယ်သို့ တိုက်လေယာဉ်နှင့် Y-12 လေယာဉ်များ အသုံးပြုကာ အကြိမ်ပေါင်း ၁၀၀ ကျော်၊ ဗုံးအလုံးရေ ၃၅၀ ကျော်အထိ ကြဲချခဲ့သည်။ အလွန်အကျွံ ကြဲချတိုက်ခိုက်ထားသည်။

မင်းတပ်ဒေသခံက စစ်တပ်က စစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို တောက်လျှောက် ပစ်မှတ်ထားပြီး ကြဲ နေတယ်။ အခုဆို မနက်အစောကြီးကော၊ ညသန်းခေါင်ကော အချိန်မရွေး လာကြဲနေတာ။ နေ့တိုင်းပစ်နေတာ ဗျ။ ပျက်စီးတာတွေကတော့ အများကြီးပဲ ဟု ပြောသည်။

ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က ထိန်းချုပ်ထားသည့် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို ပြန်လည် ရယူရန် စစ်တပ်က ပြီးခဲ့သည့် မေလလယ်ပိုင်းမှ စတင်ကာ မကွေးနှင့် ယောဒေသဘက်မှတစ်ဆင့် စစ်အင်အား ၂,၀၀၀ ကျော်၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ကူအများအပြား အသုံးပြု၍ စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါဒေသများ၌ ချင်းပူးပေါင်းတပ်များနှင့် စစ်တပ်တို့အကြား ၁ လနီးပါးကြာ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းများ အထိနာသည့်အခါတိုင်း အရပ်သားကျေးရွာ များကို ပစ်မှတ်ထားကာ လေကြောင်းပစ်ကူများ နေ့စဉ်အသုံးပြုလျက် ရှိသည်။