လယ်ယာမြေများကို အကွက်ရိုက်ရောင်းချခြင်း မပြုရန် ULA တားမြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
ရခိုင်ပြည်အတွင်း စားဝတ်နေရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ဘိုးဘွားပိုင် လယ်ယာမြေ များကို လူနေအိမ်ရာအဖြစ် သတ်မှတ်ချက်ပြင်ပ စည်းကမ်းမဲ့ အကွက်ရိုက်ရောင်းချမှုများ ရှိနေသဖြင့် ထိုသို့ မပြုလုပ်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က တရားဝင် တားမြစ်ပိတ်ပင်လိုက်သည်။
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လယ်ယာမြေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ အကွက်ရိုက်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် အသုံးချခြင်းတို့ကို မလုပ်ဆောင်ကြရန် ဇွန်လ ၂၉ ရက်နေ့စွဲဖြင့် ULA က အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်တောင်ပိုင်းရှိ သံတွဲမြို့ ငပလီကမ်းခြေပတ်ဝန်းကျင်နှင့် တောင်ကုတ်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဧပြီ၊ မေနှင့် ဇွန်လများအတွင်း လယ်မြေများကို အကွက်ရိုက်ကာ အိမ်ရာမြေကွက်များအဖြစ် အပြိုင်အဆိုင် ရောင်းချမှုများ ရှိခဲ့ပြီး ရန်ကုန်မြို့အထိ ချိတ်ဆက်အရောင်းအဝယ် ဖြစ်ခဲ့သည်။
တောင်ကုတ်ဒေသခံ အိမ်ခြံမြေပွဲစားတစ်ဦးက “သံတွဲ ငပလီမြို့ရှောင်လမ်းက လယ်မြေတွေကို အကွက်ဖော်ပြီး ရောင်းကြတာ။ ရန်ကုန်ကအထိ လှမ်းဝယ်ကြတာတွေ ရှိတယ်။ အခု အေအေ (ULA) ဘက်က ဥပဒေနဲ့ တားမြစ်လိုက်ပြီဆိုတော့ မြေပြင်မှာ ဘယ်လို ဆက်ဖြစ်မလဲ စောင့် ကြည့်ရပါမယ်” ဟု ပြောသည်။
ULA ၏ ထုတ်ပြန်ချက်အရ လယ်ယာမြေများကို သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ လူနေအိမ် ခြံမြေ၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားနည်းလမ်းများဖြင့် အသုံးပြုရန် အကွက်ရိုက်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်းနှင့် အငှားချခြင်းတို့ကို လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်ထားသည်။
ထို့ပြင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မဲ့ မြေဖို့ခြင်း၊ လမ်းဖောက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက် အအုံ ဆောက်လုပ်ခြင်း အပါအဝင် မြေအသုံးပြုမှု ပုံစံပြောင်းလဲစေမည့် မည်သည့်လုပ်ငန်းကိုမျှ မဆောင်ရွက် ရန်နှင့် မီဒီယာများ၊ လူထုဆက်သွယ်ရေးကွန်ရက်များပေါ်တွင် ဥပဒေနှင့်မညီသော မြေယာအရောင်းအဝယ် ကြော်ငြာများ မလုပ်ကြရန်လည်း ထည့်သွင်းသတိပေးထားသည်။
တောင်ကုတ်မြို့ခံ တစ်ဦးက “အဓိကကတော့ ဒေသတွင်းမှာ စားဝတ်နေရေး က အဆင်မပြေ၊ အလုပ်အကိုင်က မရှိတော့ ဘိုးဘွားပိုင်မြေတွေကို ထုတ်ရောင်းပြီး ဖြေရှင်းနေကြရတာပါ” ဟု ပြောသည်။
လယ်သမားများအနေဖြင့် ငွေရေးကြေးရေး ကြပ်တည်းမှုကြောင့် လယ်မြေများကို ထုတ်ရောင်းနေရသော်လည်း ရေရှည်တွင် စိုက်ပျိုးမြေများ ပျောက်ကွယ်ကာ မြေယာပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်ကြောင်း ဒေသခံ လယ်သမားအချို့က ထောက်ပြကြသည်။
ထို့ကြောင့် ယခုကဲ့သို့ စနစ်တကျ တားမြစ်ထိန်းကျောင်းပေးခြင်းက နောင်တွင် ဖြစ်လာနိုင်သည့် မြေယာ အငြင်းပွားမှုများကို လျော့ကျသွားစေနိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် အာရက္ခတပ်တော် (AA) က ၁၄ မြို့နယ်အထိ နယ်မြေစိုးမိုး ထိန်းချုပ် ထားပြီးနောက်ပိုင်း မြေပြင်တွင် မြေယာပိုင်ဆိုင်မှုနှင့် အရောင်းအဝယ်ဆိုင်ရာ အငြင်းပွားမှုတချို့ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ULA ကမူ အဆိုပါ တားမြစ်မိန့်ကို ဖောက်ဖျက်ကျူးလွန်သူများကို မြေယာဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဥပဒေမဲ့ လုပ်ဆောင်ထားသော လုပ်ငန်းများကို ဖျက်သိမ်းခြင်း၊ ရပ်ဆိုင်းခြင်းနှင့် တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဟု သတိပေးထားသည်။