ရခိုင်တွင် စာသင်ကျောင်းနှင့် အရပ်သား ပစ်မှတ်များ ဗုံးကြဲခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။ 

ရခိုင်ပြည်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အရှိန်မြှင့်လုပ်နေပြီး စာသင်ကျောင်းနှင့် အရပ်သားပစ်မှတ်များ ဗုံးကြဲခံရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြု တိုက်ခိုက်မှုများမှာ အရေအတွက် များပြားလာနေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ် များတွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။ 

အထူးသဖြင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းဗုံးကြဲပြီးနောက် အသေခံဒရုန်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် သည် စစ်ကော်မရှင်တပ်၏ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆိုးရွားလာသည်ကို ပြသနေကြောင်း ဒေသခံများက ပြောဆိုသည်။

စာသင်ကျောင်း၌ စာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများမှာ အချိန်မီ ရွှေ့  ပြောင်းနိုင်ခဲ့၍ အသက်သေဆုံး၊ ဒဏ်ရာရမှု မရှိခဲ့သော်လည်း ၎င်းစာသင်ကျောင်းအနီးရှိ ဝက် (၂) ကောင် သေဆုံးခဲ့ကာ စာသင်ကျောင်း အဆောက်အအုံမှာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည် ဟု AA က ဆိုသည်။

AA ၏ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီခွဲခန့်တွင် စစ်တွေမြို့ နယ်၊ အမြင့်ကျွန်းတံတားအနီး ကို Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၆၀ ခန့် ကြဲချခဲ့သည်။ 

ထို့အပြင် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ကလေ၊ မင်းရပ်နှင့် လိပ်တင်ကျေးရွာများကိုလည်း အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။

လူနေကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများထဲတွင် ကျောက်ဖြူမြို့နယ်၊ လိပ်တင်ကျေးရွာ စာသင် ကျောင်းသည် အဆိုးဆုံး ဖြစ်စဉ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့သည်။

နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မိနစ်ပိုင်းအကြာမှာပင် အသေခံဒရုန်း (Suicide Drone) တစ်စင်း ဖြင့် စာသင်ကျောင်းကို ထပ်မံ တိုက်ခိုက်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများကို အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ခြင်းကြောင့် လူအသေအပျောက်မရှိခဲ့သော်လည်း စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ရသည်ဟု AA က ဆိုသည်။

ထို့အပြင် ဇင်ချောင်းကမ်းခြေရှိ စစ်သင်္ဘော နှစ်စီးပေါ်ကနေလည်း လက်နက်ကြီးများဖြင့် မင်းရပ်နှင့် သံချောင်း ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဤဖြစ်စဉ်များ မတိုင်မီ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ဘာထလေနှင့် နွားတင်းကုပ် ကျေးရွာတို့ကို လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံများ၏ စိုးရိမ်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိ နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ကျောက်ဖြူဒေသခံတစ်ဦးက အရင်ကလို တိုက်ပွဲနယ်မြေမှာပဲ မဟုတ်တော့ဘူး။ အခုက လူနေတဲ့ရွာတွေ၊ စာသင်ကျောင်းတွေပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလာတာကို တွေ့နေရတယ်။ ဘယ်နေရာမှ လုံခြုံမှု မရှိတော့ဘူး။ လေယာဉ်သံကြားတာနဲ့ အသက်လုပြီး ပြေးနေရတာပဲ ဟု ပြောသည်။

AA အနေဖြင့် စစ်ကော်မရှင်တပ်က ကျောက်ဖြူမြို့ရှိ အရပ်သားကျေးရွာများကို လေကြောင်း၊ လက်နက်ကြီး များဖြင့် ဆက်တိုက်တိုက်ခိုက်နေသည့်အတွက် ဒေသခံပြည်သူများကို လေကြောင်းရန်ကို အထူးသတိထား ကြရန် ထပ်မံ သတိပေးထားသည်။