ကချင်ပြည် မြို့နယ် ၄ ခုတွင် တိုက်ပွဲများ ဖြစ်ပွားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။
ကချင်ပြည်တွင် စစ်ရေးတင်းမာမှု မြို့နယ် ၄ ခုအထိ ပြန့်နှံ့နေပြီး ဖားကန့်တွင် အရပ်သားများ လေကြောင်းနှင့် လက်နက်ကြီး ဒဏ်ခံနေရသည်ဟု ဒေသခံများနှင့် KIO ပြောခွင့်ရက ပြောသည်။
ကချင်ပြည် အတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင်း စစ်ကော်မရှင်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား စစ်ရေးတင်းမာမှု နှင့် တိုက်ပွဲများသည် ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်နှင့် ခေါင်လန်ဖူး စသည့် မြို့နယ်လေးခုအထိ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပွားနေခြင်း ဖြစ်သည်။
အထူးသဖြင့် ဖားကန့်ဒေသတွင် လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံး ထိခိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIO/KIA ပြောခွင့်ရနှင့် ဒေသခံသတင်းရင်းမြစ်များက အတည်ပြုသည်။
KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “ကချင်ပြည်နယ်မှာ တိုက်ပွဲကတော့ ဗန်းမော်၊ နောက် ဝိုင်း မော်၊ ဖားကန့်၊ နောက် ဟိုးခေါင်လန်ဖူးဖက်မှာ အဲဒီလေးနေရာမှာကတော့ တိုက်ပွဲက နေ့တိုင်းလို ဖြစ်တာ ရှိပါ တယ်။ ဒါကြောင့် ကချင်ပြည်နယ် တစ်ခုလုံးနဲ့ ခြုံပြီးမှ ပြောမယ်ဆိုရင်တော့ ခုနပြောတဲ့နေရာမှာကတော့ စစ် ရေး အခြေအနေကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။
ဗန်းမော်မြို့နယ်သည် စစ်ရေးတင်းမာမှု အမြင့်ဆုံးနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ KIA က လက် လွှတ်သွားသည့် နေရာများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေချိန်တွင် စစ်ကော်မရှင်ကလည်း နယ်မြေ ပြန်လည် စိုးမိုးရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
တိုက်ပွဲများသည် စကခ (၂၁) ဝန်းကျင်၊ နမ်ဖား၊ တာမိုင်းတုံ၊ ဗန်းမော်တက္ကသိုလ်လမ်းမှ မိုးမောက်ဘက်တက် သည့် ၃ မိုင်ဝန်းကျင် နေရာများတွင် ဆက်တိုက် ဖြစ်ပွားနေသည်။
ဗိုလ်မှူးကြီး နော်ဘူက ဗန်းမော်ဒေသ တိုက်ပွဲနှင့် ပတ်သက်၍ “ဗန်းမော်ကတော့ နေရာကတော့ ကျယ်ပြန့် တယ်။ ဆိုတော့ ဟိုဖက်က နည်းနည်း ဆုတ်ပေးလိုက် ဒီဖက်က ကျနော်တို့ ပြန်သိမ်းလိုက် အဲ့လိုမျိုး ပုံစံလေး ပေါ့ နည်းနည်းတော့ ရှေ့တန်းက တိုက်ပွဲပုံစံတော့ အဲလိုဖြစ်နေတယ်။ လေကြောင်းကတော့ Y-12 နဲ့ ဗုံးကြဲတာ တွေ၊ ဂျက်ဖိုက်တာနဲ့ ဂန်းရှင်းနဲ့ ပစ်တာတွေ ဒါကတော့ မော်တာ အသုံးပြုပြီးမှ ပစ်တာတွေ လက်နက်ကြီးတွေ လေကြောင်းတွေ ဒါကတော့ ပြောစရာ မလိုပါဘူး နေ့တိုင်းရှိပါတယ်” ဟု ပြောသည်။
ထို့အပြင် ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များသည် မြေပြင်တွင် ထိခိုက်မှုများပြားလာ၍ လေကြောင်း နှင့် လက်နက်ကြီးများကို ပိုမိုအသုံးပြုလာခဲ့ရာ အရပ်သားထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဖားကန့်၊ ကထန်ကွက်သစ်ကို စစ်ကော်မရှင်တပ်၏ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး၊ ၎င်း၏ ၅ နှစ်အရွယ် သားငယ်မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင်လည်း ဖားကန့် ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လုံးခင်းအုပ်စု၊ မားဆားရွာက မူကြိုကျောင်းဝန်းထဲကို ကျရောက်ပေါက်ကွဲ ခဲ့ရာ ဆရာမတစ်ဦးနှင့် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဗိုလ်မှူးကြီး နော်ဘူက “ဗျူဟာကုန်း ဖက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ ပြည်သူလူထုတွေ ထိခိုက်တာတော့ ရှိပါတယ်။ ဟိုတနေ့ကတော့ ပြည်သူလူထုတွေ ထိခိုက်တာရှိတယ်။ နောက် လေကြောင်းနဲ့ ပြည်သူလူထုရှိတဲ့ ဖက်ကို ဗုံးကြဲလို့ ပြည်သူလူထု ထိခိုက်တာတွေရှိပါတယ်” ဟု ပြောသည်။
ဝိုင်းမော်ဒေသတွင် မြေပြင်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ ဂျက်ဖိုက် တာဖြင့် ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ခေါင်လန်ဖူးဖက်တွင်လည်း တိုက်ပွဲများ နေ့တိုင်းလိုလို ဖြစ်ပွားနေဆဲ ဖြစ်သည်။
KIO/KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်သူများကို လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကို အထူးသတိထားကြရန် သတိပေးထားသည်။